ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဟွေးမြို့သည် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ခရီး သွားဧည့်သည် ၂.၇ သန်းကျော်ဆွဲဆောင်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၇ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း ဒေသဆိုင်ရာ ခရီးသွားအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
အဆိုပါကာလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည်လာရောက်မှု ၁.၁ သန်းနီးပါးရှိပြီး ခရီးသွားလုပ်ငန်းမှဝင်ငွေသည် ဗီယက်နမ်ဒေါင် ၅ ထရီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း Hue Ngay Nay အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။
ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့ကျင်းပခဲ့သည့် Hue Festival နှင့် National Tourism Year 2025 တို့မှစ၍ ခရီးသွားဧည့်သည်များတိုးပွားလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဟွေးခရီးသွားလုပ်ငန်းဦးစီးဌာနသည် ဇွန်လကုန်တွင် လာရောက်လည်ပတ်သူဦးရေ ၃.၃ သန်းအထိရှိလာမည်ဟု မျှော်လင့်ထားကြောင်းနှင့် တစ်နှစ်တာလုံးအတွက် ခရီးသွားဧည့်သည် ၅.၅ သန်းမှ ၆ သန်းအထိဆွဲဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။ ပြည်တွင်းခရီးသွားရာသီသည် ဧပြီလတွင်စတင်ခဲ့ပြီး နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် စက်တင်ဘာလမှ မြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။
မြို့တော်အနေဖြင့် အဓိကဈေးကွက်များဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဆွစ်ဇာလန်နှင့် အရှေ့တောင်အာရှတို့တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဒေသဆိုင်ရာအာဏာပိုင်များသည် ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်များ၊ အချက် အပြုတ်အတွေ့အကြုံများကိုယ်တိုင်ခံစားရရှိနိုင်မည့် စိုက်ပျိုးရေးဂေဟစနစ်ခရီး သွားလုပ်ငန်းများ၊ ဂေါက်သီးအားကစားနှင့်ရှုခင်းများကြည့်ရှုနိုင်သည့် ခရီးသွားတည်းခိုနေထိုင်မှုအစီအစဉ်များ၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းကဲ့သို့သော ထူးခြားသည့်ခရီးသွားလုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည် တွင်းနှင့် ပြည်ပဈေးကွက်များအတွက် အထူးခရီးသွားဝန်ဆောင်မှုများပြင်ဆင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)