International News

ဆူဇူကီးကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် အာဖရိတိုက်သို့ မော်တော်ယာဉ်ရောင်းချမှု ၂၀ ရာခိုင်နှုန်းမြှင့်တင်၍ ၎င်း၏အဓိကဈေးကွက်ဖြစ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့် ဆူဇူကီးကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် အာဖရိကတိုက်သို့ မော်တော် ယာဉ်ရောင်းအား ၂၀ ရာခိုင်နှုန်းမြှင့်တင်၍ အဓိကဈေးကွက်ဖြစ်လာစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း The Mainichi သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Suzuki eyes Africa as next key market, targets 20% sales rise by FY 2030” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Suzuki Motor Corp.သည် အာဖရိကတိုက်ရှိ ဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် အာဖရိကတိုက်သို့ ၂၀၂၅ ဘဏ္ဍာရေးနှစ်က ရောင်းအားထက် ၂၀ ရာခိုင်နှုန်းခန့်တိုးမြှင့်၍ မော်တော်ယာဉ်အစီးရေ ၁၅၀,၀၀၀ အထိရောင်းချရန်ရည်မှန်းထားကြောင်း၊ Suzuki Motor Corp. သည် ဈေးနှုန်းသက်သာပြီး အကြမ်းခံနိုင်သည့်မော်တော်ယာဉ်များ ရေပန်းစားသည့်အာဖရိကတိုက်ကို ၎င်းတို့၏ အဓိကဈေးကွက်ဖြစ်သော "နောက်ထပ်အိန္ဒိယနိုင်ငံ"အဖြစ် ရှုမြင်ထားကြောင်း၊အာဖရိကတိုက်သည် လူဦးရေနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက် လာပြီး ဝယ်ယူသုံးစွဲသူအရေအတွက် ပိုမိုများပြားလာခြင်းကြောင့် မော်တော်ယာဉ်တိုးမြှင့်တင်ပို့နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

အာဖရိကတိုက်သည် လူဦးရေ ၁.၅ ဘီလီယံကျော်ဖြင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံလူဦးရေထက်ပင် ကျော်လွန်နေပြီဖြစ် ကြောင်း၊ ၂၀၅၀ ပြည့်နှစ်သို့အရောက်တွင် အဆိုပါဒေသတွင် လူဦးရေ ၂.၅ ဘီလီယံအထိတိုးတက်လာမည်ဟုခန့်မှန်းထားရာ ၎င်းကို ဧရာမဈေးကွက်ကြီးတစ်ခုအဖြစ် ရှုမြင်ထားကြောင်း၊ အာဖရိကတိုက်တွင် တစ်နှစ်လျှင် မော်တော်ယာဉ်အသစ်စီးရေ ၁.၄ သန်းခန့် ရောင်းချနေရကြောင်း၊ Suzuki Motor Corp. သည် အာဖရိကတိုက်တွင် မော်တော် ယာဉ်အစီးရေ ၁၂၇,၀၀၀ ခန့်ရောင်းချနေရပြီး အာဖရိကတိုက်မော်တော် ယာဉ်ဈေးကွက်ဝေစု၏ ၉ ရာခိုင်နှုန်းအထိရရှိထားကြောင်း၊ အာဖရိက တိုက်တွင်ရောင်းချသည့် မော်တော်ယာဉ်အများစုကို ပထဝီဝင်အနေ အထားအရ နီးကပ်သည့် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်၍ တင်ပို့ခြင်းဖြစ် ကြောင်း ဖော်ပြထားပါသည်။

မော်တော်ယာဉ်ထုတ်လုပ်သူများသည် Sub-Saharan ဒေသကို အဓိကကျသည့်ဈေးကွက်အဖြစ် မှတ်ယူထားကြောင်း၊ အများပြည်သူအသုံးပြုသည့် လမ်းပန်းဆက်သွယ်ရေးစနစ်အကန့်အသတ်ရှိသည့်အတွက် မော်တော်ယာဉ်မျှဝေစီးနင်းလေ့ရှိသည့် Ivory Coast ကဲ့သို့သောနိုင်ငံများတွင် ဆီစားသက်သာသည့် Dzire ကဲ့သို့သောကားအသေးစားများ၏ရောင်းအားမှာ မြင့်တက်လျက်ရှိကြောင်း၊ တောင်အာဖရိကတိုက်တွင် မောင်းနှင်မှုစွမ်းဆောင်ရည်ကောင်းမွန်ခြင်းကြောင့် လူသိများသော Fronx အမျိုးအစား SUV ကားများရေပန်းစားလျက်ရှိကြောင်း၊ လူဦးရေနှင့် စီးပွားရေးလျင်မြန်စွာတိုးတက်လာနိုင်သည့် နိုင်ဂျီးရီးယားနှင့် အီသီယိုးပီးယားကဲ့သို့သောနိုင်ငံများကိုလည်း အလားအလာကောင်းသော ဈေးကွက်များအဖြစ် ရှုမြင်ထားကြောင်း ဖော်ပြထားပါသည်။

Suzuki Motor Corp.သည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အခြားပြိုင်ဘက်များထက် ဦးစွာအိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ၎င်းနိုင်ငံ၏ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်သူဖြစ်လာခဲ့ကြောင်း၊ ထွန်းသစ်စဈေးကွက်များကို ဇွဲနပဲဖြင့် တစိုက်မတ်မတ်ပျိုးထောင်နိုင်သည့် ၎င်းတို့၏အားသာချက်ဖြင့် Suzuki Motor Corp.သည် ၎င်းတို့၏အမည်ကို ပိုမိုလူသိများလာစေရေးအတွက် ပြီးခဲ့သည့်နှစ်က အာဖရိကရှိ ရေပန်းစားသော ဘောလုံးပြိုင်ပွဲတစ်ခုတွင် စပွန်ဆာအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့၏ကိုယ်စားလှယ်အရောင်းဆိုင်များနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း၊ တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများသည်လည်း အာဖရိကတိုက်သို့ တိုးချဲ့အခြေပြုလာကြကြောင်း၊ Chery Automobile Co.သည် Nissan Motor Co. ပိုင်ဆိုင်သည့် တောင်အာဖရိကတိုက်ရှိစက်ရုံတစ်ရုံကို လွှဲပြောင်းရယူရန်စီစဉ်နေကြောင်း ဇန်နဝါရီလတွင် သတင်းထွက်ပေါ်လာခဲ့သည့်အတွက် ဈေးကွက်တွင် ယှဉ်ပြိုင်မှုများပိုမိုပြင်းထန်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

Source: https://mainichi.jp/english/articles/20260606/p2g/00m/0bu/005000c

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News