International News

၂၀၂၆ ခုနှစ်တွင် ဥရောပ၏ စီးပွားရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံများ

Last Updated:

ယူရိုဇုန်(Eurozone)၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ်(Year-on-Year) ၀.၈ ရာခိုင် နှုန်းသာတိုးတက်ခဲ့ပြီး သိသိသာသာနှေးကွေးလာခဲ့ပါသည်။ သို့သော် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့သည် ယူရိုဇုန်ပျမ်းမျှတိုးတက်မှုထက် ပိုမိုလျင်မြန်စွာတိုးတက်နေကြသည်ကို အောက်ဖော်ပြပါအတိုင်းတွေ့ရှိရပါသည်-

ဆိုက်ပရပ်စ်နိုင်ငံ (Cyprus) – ၃.၀%

ဆိုက်ပရပ်စ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၃.၀% တိုးတက်လာခဲ့ပြီး လက်ရှိအချက်အလက်ရရှိထားသော EU နိုင်ငံများအနက် အမြင့်ဆုံးတိုးတက်မှုနှုန်းကို ရရှိထားပါသည်။ သို့သော် ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် ရရှိခဲ့သောနှုန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ပါသည်။ ဆိုက်ပရပ်စ်၏တိုးတက်မှုကို အဓိကအားဖြင့် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်တွင်းဝယ်လိုအားများက ထောက်ပံ့ပေးလျက်ရှိကြောင်း တွေ့ရှိရပါ သည်။

ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria) – ၂.၉%

ဘူလ်ဂေးရီးယားနိုင်ငံ၏ GDP သည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၂.၉% တိုးတက်ခဲ့ပြီး EU တွင် ဒုတိယအမြန်ဆုံးစီးပွားရေးတိုးတက်မှု ရရှိခဲ့သည့်နိုင်ငံဖြစ်ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံအတွက် အထူးအရေးပါသည့်အချက်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယူရိုငွေကြေးကိုစတင်အသုံးပြုခဲ့ပြီး ယူရိုဇုန်၏ ၂၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာခြင်းဖြစ်ပါသည်။ နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို EU ရန်ပုံငွေများ၊ ကာကွယ် ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပုဂ္ဂလိကစားသုံးမှုများက အားပေးနေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။

စပိန်နိုင်ငံ (Spain) – ၂.၇%

စပိန်နိုင်ငံသည် ယူရိုဇုန်၏အဓိကစီးပွားရေးနိုင်ငံကြီး(၄)နိုင်ငံဖြစ်သော ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်တို့အနက် အလျင်မြန်ဆုံးတိုးတက်နေသောနိုင်ငံဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် စပိန်၏ GDP သည် ၂.၇% တိုးတက်ခဲ့ပါသည်။ စပိန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပြည်တွင်းသုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများက အဓိကတွန်းအားပေးနေကြောင်းတွေ့ရှိရပါသည်။သွင်းကုန်တိုးလာခြင်းကြောင့် ပြည်ပကုန်သွယ် မှုကဏ္ဍ၏တိုးတက်မှုကို အနည်းငယ်လျော့နည်းစေခဲ့သော်လည်း ပြည်တွင်းစီးပွားရေးအားကောင်းမှုက ထိုသက်ရောက်မှုအပေါ် ဖုံးလွှမ်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့၏ အခြေအနေ

စပိန်နိုင်ငံနှင့်နှိုင်းယှဉ်ပါက ယူရိုဇုန်၏ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့၏ တိုးတက်မှုနှုန်းများမှာများစွာနိမ့်ကျနေသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-

  • ဂျာမနီ – ၀.၃%
  • ပြင်သစ် – ၁.၁%
  • အီတလီ – ၀.၇%

နှစ်အလိုက်(Year-on-Year)စီးပွားရေးတိုးတက်မှုနှုန်းအရ ထိပ်ဆုံးတွင် မပါဝင်ခဲ့သော အခြားဥရောပနိုင်ငံအချို့သည်လည်း ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် အားကောင်းသော စီးပွားရေးစွမ်းဆောင်ရည်များကိုဆောင်ရွက်နိုင်ခဲ့ပြီး ယင်းတို့အထဲတွင် ဖင်လန်နိုင်ငံ(Finland)သည်လည်း မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော စီးပွားရေးရလဒ်များကို ရရှိခဲ့ကာ သုံးလပတ်အလိုက် ၀.၉% တိုးတက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁.၃% တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ ထို့ပြင် ING(Internationale Neder landen Groep)၏ခန့်မှန်းချက်အရ ပိုလန်နိုင်ငံ၏ GDP သည် ၂၀၂၆ ခုနှစ်ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၃.၆% မှ ၃.၈% အထိတိုးတက်နိုင်ပြီး တစ်နှစ်လုံးအတွက် ၃.၇% တိုးတက်မည်ဟုမျှော်မှန်းထားရာ ယင်းနှုန်းသည် ယူရိုဇုန်၏ ပျမ်းမျှတိုးတက်မှုနှုန်းထက် သိသိ သာသာမြင့်မားနေသည်ကိုတွေ့ရှိရပါသည်။

ကိုးကား။ https://www.euronews.com/business/2026/05/13/which-european-economy-is-growing-the-fastest-in-2026

(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News