International News

ရေထွက်ကုန်ပစ္စည်းကုန်သွယ်မှုပိုမိုမြန်ဆန်စေရန် ပီဆို ၁.၆ ဘီလီယံသုံး၍ ငါးဖမ်းဆိပ်ကမ်းများအဆင့်မြှင့်တင်မည်

Last Updated:

ဖိလစ်ပိုင်အစိုးရသည် ရေထွက်ကုန်ပစ္စည်းကုန်သွယ်မှုပိုမိုမြန်ဆန်ချောမွေ့စေရန်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချနိုင်ရန်နှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ၏ ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်၍ နာဗိုတပ်စ်(Navotas)နှင့် ပလာဝမ်(Palawan)ဒေသရှိ ငါးဖမ်းဆိပ်ကမ်းများကို စုစုပေါင်း ပီဆို ၁.၆ ဘီလီယံအကုန်အကျခံကာ တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အခြေစိုက် Business Mirror သတင်းစာ၏ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည့်သတင်းဖြစ်ပါသည်။

အဆိုပါသတင်းတွင် ဖိလစ်ပိုင်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် အဖွဲ့(Philippine Fisheries Development Authority-PFDA)က နာဗိုတပ်စ် ငါးဖမ်းဆိပ်ကမ်းဝန်း(Navotas Fish Port Complex-NFPC)ကို ခေတ်မီအဆင့်မြှင့်တင်ခြင်းနှင့် ပလာဝမ်ပြည်နယ်၊ ဆန်ဗင်းဆင့်(San Vicente)တွင် ငါးဖမ်းဆိပ်ကမ်းအသစ်တည်ဆောက်ခြင်းတို့ပါဝင်သည့်စီမံကိန်းများကို အတည်ပြုခွင့်ပြုခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က အဓိကကုန်သွယ်ရေးဗဟိုဌာနများသို့ တိုက်ရိုက်ချိတ်ဆက်နိုင်မှုမြှင့်တင်ခြင်းဖြင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အတွင်း မလိုအပ်သော ကြားခံအဆင့်များကို လျှော့ချနိုင်ပြီး ထုတ်လုပ်သူများ၏အကျိုးအမြတ်ကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပီဆို ၁.၆ ဘီလီယံရင်းနှီးမြှုပ်နှံမှု၏ အဓိကအစိတ်အပိုင်းကို နိုင်ငံအတွင်း အကြီးဆုံးဖြစ်သည့် နာဗိုတပ်စ်ငါးဖမ်းဆိပ်ကမ်းအား အဆင့်မြှင့်တင်ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် စျေးအရောင်းခန်းမများပြန်လည်ပြုပြင်ခြင်းနှင့်ဆိပ်ကမ်းသင်္ဘောကျင်းဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများလည်းပါဝင်သည်ဟုပြောကြားခဲ့ကြောင်း ဖော်ပြထားပါ သည်။

ဖိလစ်ပိုင်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (PFDA)၏ ယာယီအထွေထွေမန်နေဂျာ Glen Pangapalan က နာဗိုတပ်စ်ငါးဖမ်းဆိပ်ကမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းပြီးစီးပါက ဆိပ်ကမ်းဧရိယာသည် ၂၅ ဟက်တာနီးပါးအထိကျယ်ဝန်းလာမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ဆိပ်ကမ်းလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မည်ဟုပြောကြားခဲ့ကြောင်း၊ အဆိုပါဆိပ်ကမ်းသည် လက်ရှိတွင် အလုပ်သမားနှင့် လုပ်ငန်းဆက်စပ်သူ ၃၀,၀၀၀ ခန့်ကို ပံ့ပိုးပေးလျက်ရှိပြီး ငါးဖမ်းရာသီတွင် ၅၀, ၀၀၀ ခန့်အထိ တိုးမြင့်လာနိုင်ကြောင်း၊ ထို့ပြင် သင်္ဘောကျင်းစီမံကိန်းဒုတိယအဆင့်ကို ယခုနှစ် ဒီဇင်ဘာလနှင့် ဈေးအရောင်းခန်းမအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို လာမည့်နှစ်ဇွန်လတွင် အပြီးသတ်ရန်လျာထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် စိုက်ပျိုးရေးဝန်ကြီးက နာဗိုတပ်စ်ငါးဖမ်းဆိပ်ကမ်းတွင် စျေးအရောင်းခန်းမ (၃) မှ (၇) အထိ အဆင့်မြှင့်တင်ခြင်း၊ လမ်းနှင့် ကားပါကင်အဆောက်အအုံများပြုပြင်ခြင်းအပြင် ကြိုဆိုရေးစင်တာတည်ဆောက်ခြင်းတို့ကိုလည်း အဆိုပြုထားကြောင်း၊ တစ်ချိန်တည်းတွင် ဖိလစ်ပိုင် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(PFDA) ဘုတ်အဖွဲ့သည် ပလာဝမ်ပြည်နယ် ဆန်ဗင်းဆင့်တွင် ငါးကိုင်တွယ်ထိန်းသိမ်းမှု၊ ကုန်သွယ်မှုနှင့် ငါးဖမ်းဆီးပြီးနောက်ပိုင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ခေတ်မီငါးဖမ်းဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းကိုလည်း အတည်ပြုခဲ့ကြောင်း၊ ပလာဝမ်ပြည်နယ် ဆန်ဗင်းဆင့်ခေတ်မီငါးဖမ်းဆိပ်ကမ်းကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ အဆိုပါစီမံကိန်းသည် လူဦးရေ ၂,၀၀၀ ကျော်ကို တိုက်ရိုက်အကျိုး ပြုမည်ဖြစ်ပြီး ငါးလုပ်ငန်းရောင်းဝယ်ဖြန့်ဖြူးရေးနှင့်ဆက်စပ်သူ ၂၀, ၀၀၀ ကျော်အတွက်လည်း သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

https://businessmirror.com.ph/2026/06/23/%e2%82%b11-6-b-fish-port-upgrades-target-faster-seafood-trade/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News