အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာကိုယ်စားလှယ်ရုံး(USTR)သည် ဂျာမနီနိုင်ငံအနေဖြင့် ဆန်းသစ်တီထွင်ထားသော ဆေးဝါးများအတွက် ကျသင့်သည့်တန်ဖိုးထက် နည်းပါးစွာပေးချေနေခြင်းရှိ/မရှိကို စုံစမ်းစစ်ဆေးမည့်လုပ်ငန်းစဉ်တစ်ရပ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် ဂျာမနီနိုင်ငံ၏ဆေးဝါးဈေးနှုန်းများဆက်တိုက် နည်းပါးစွာသတ်မှတ်မှုများကြောင့် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် ဆန်းသစ်တီထွင်ထားသော ဆေးဝါးထုတ်ကုန်များ၏တန်ဖိုးကို လျော့နည်းစေခြင်းရှိ/မရှိနှင့် အမေရိကန်ကုန်သွယ်ရေးအပေါ် ထိခိုက်မှုများဖြစ်ပေါ်စေခြင်းရှိ/မရှိတို့ကို အဓိကထားစစ်ဆေးသွားမည်ဖြစ်ပါ သည်။
အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးကိုယ်စားလှယ်ဖြစ်သူ Jamieson Greer ၏ပြောကြားချက်အရ ယခုစုံစမ်းစစ်ဆေးမှုတွင် ဂျာမနီနိုင်ငံ၏ ဆေးဝါးဈေးနှုန်းဆိုင်ရာဆောင်ရွက်မှုများသည် ကျိုးကြောင်းဆီလျော်မှုရှိ/မရှိ၊ခွဲခြားဆက်ဆံမှုဖြစ်စေခြင်းရှိ/မရှိနှင့်ယင်းမူဝါဒများကြောင့် အမေ ရိကန်နိုင်ငံ၏ကုန်သွယ်ရေးအပေါ် ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ကန့်သတ် ချက်များဖြစ်ပေါ်စေခြင်းရှိ/မရှိတို့ကိုအခြေခံ၍ သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ကုန်သွယ်ရေးကိုယ်စားလှယ်က ယခုစုံစမ်းစစ်ဆေးမှုကို ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးဥပဒေ(Trade Act of 1974)၏ပုဒ်မ ၃၀၁ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဂျာမန်အစိုးရတာဝန်ရှိသူများနှင့်လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်သမ္မတကလည်း ကမ္ဘာလုံးဆိုင်ရာဆေးဝါးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး(R&D)လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို အမေရိကန်လူနာများက မမျှတစွာ အဓိကထမ်းဆောင်နေရသည့် အခြေအနေကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။
USTR အနေဖြင့် ဂျာမနီနိုင်ငံတွင် ဆန်းသစ်တီထွင်ထားသော ဆေးဝါးများ၏သုံးစွဲမှုကို ပိုမိုလျှော့ချစေနိုင်သည့်ဥပဒေတစ်ရပ်ကို အလျင်အမြန် အတည်ပြုနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းများထွက်ပေါ်လာသည့်အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံဘက်မှ ဂျာမနီနိုင်ငံသည် ဆန်းသစ်တီထွင်ထားသော ဆေးဝါးများပေါ်ထွက်လာစေရန် လိုအပ်သည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကုန်ကျစရိတ်များကို အခြားကုန်သွယ်ဖက်နိုင်ငံများနည်းတူ မျှတစွာမျှဝေထမ်းဆောင်သင့်ကြောင်းနှင့် ယခုကဲ့သို့ဆေးဝါးတန်ဖိုးကိုနိမ့်ကျစွာသတ်မှတ်ခြင်းသည် ဆန်းသစ်တီထွင်မှုကိုအားလျော့ စေနိုင်သည့် နောက်ပြန်ဆုတ်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။
အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ USTR သည် ဇွန်လ ၂၅ ရက်နေ့တွင် အများပြည်သူထံမှ ရေးသားတင်ပြချက်များလက်ခံရန် ရုံးခန်းဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ပုဒ်မ ၃၀၁ ကော်မတီက စက်တင်ဘာလ အတွင်း အများပြည်သူကြားနာပွဲကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ယင်းကိစ္စကို အလေးထားဆောင်ရွက်ရခြင်းမှာ အမေရိကန်ရှိ ဆေးဝါးဈေးနှုန်းများသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆင့်များအနက် တစ်ခုအဖြစ် ရပ်တည်နေခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် RAND Corporation က ထုတ်ပြန်သည့် အစီရင်ခံစာအရ အမေရိကန်တွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရသည့် ဆေးဝါးများ၏ ဈေးနှုန်းသည် လေ့လာထားသည့် နိုင်ငံ ၃၃ နိုင်ငံ၏ ပျမ်းမျှဈေးနှုန်းထက် ၂.၇၈ ဆပိုမိုမြင့်မားနေကြောင်းတွေ့ရှိရပါသည်။ အထူးသဖြင့် မူရင်းအမှတ် တံဆိပ်ဆေးဝါးများ(Brand-name Drugs) တွင် ဈေးနှုန်းကွာဟမှုမှာ ပိုမိုကြီးမားကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။
တစ်ဖက်တွင်လည်း ဂျာမနီအစိုးရအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဥပဒေမူကြမ်းကို ဧပြီလအတွင်း အတည်ပြုခဲ့ပြီး ယင်းပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ယူရို ၁၆ ဘီလီယံကျော်ချွေတာနိုင်ရန်နှင့် ကျန်းမာရေးအာမခံကြေးများ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်းသိရပါသည်။သို့ရာတွင် ယင်းအစီအစဉ်များသည် ရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်စေခဲ့ပါသည်။
ဇွန်လအစောပိုင်းတွင် အမေရိကန်ဆေးဝါးကုမ္ပဏီဖြစ်သည့် Eli Lilly က Rhineland-Palatinate ပြည်နယ်ရှိ Alzey မြို့၌ ဆောင်ရွက်ရန်စီစဉ်ထားသည့် ယူရို ၂.၃ ဘီလီယံတန်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို တစ်ဝက်ခန့်လျှော့ချမည်ဖြစ်ကြောင်းကြေညာခဲ့ပြီး ထိုသို့ဆုံးဖြတ်ခြင်းသည် ဂျာမန်အစိုးရ၏ ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲမှုများနှင့် ဆက်စပ်နေကြောင်း ကုမ္ပဏီက ထောက်ပြခဲ့ပါသည်။
Reuters သတင်းဌာန၏ဖော်ပြချက်များအရ ဂျာမန်အစိုးရသည် ဆေးဝါး ထုတ်ကုန်များအပေါ် ပြောင်းလဲနိုင်သော လျှော့ဈေးစနစ်တစ်ရပ်မိတ်ဆက်ရန်စီစဉ်ထားသည့်အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်းသိရပါသည်။ သို့သော် ဂျာမနီနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနကမူ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်ရသေး ကြောင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးမှုများ အပေါ် ထပ်မံမှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်း ဖော်ပြထားပါသည်။
ကိုးကား။ https://www.dw.com/en/us-probes-germanys-persistent-underpayment-for-drugs/a-77620250
(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)