International News

ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၇ လ ဆက်တိုက်မြင့်တက်ခဲ့

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုများပြားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၇ လဆက်တိုက်မြင့်တက်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယန်း ၉.၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၉.၁ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ယန်း ၈.၉ ထရီလီယံရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၂ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ၃ လဆက်တိုက်များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက် တွင် ဂျပန်နိုင်ငံ၏ကုန်သွယ်မှုလိုငွေမှာ ယန်း ၃.၂ ထရီလီယံရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလ၏ ထက်ဝက်နီးပါးရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်ဆက်စပ်သည့် ထုတ်ကုန်များတင်ပို့မှုမှာ မြင့်တက်ခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုမှာ ၃၇.၉ ရာခိုင်နှုန်း နှင့် Nonferrous Metals တင်ပို့မှုမှာ ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းမှုမှာ ၄၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ မီးစက်များတင်သွင်းမှုမှာ ၃၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုမှာ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၁.၉ ထရီလီယံယန်းရှိခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်စက်ပစ္စည်းများတင်ပို့မှု ဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုမှာ ၇ လဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၇.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အာရှသို့ ပို့ကုန်တင်ပို့မှုမှာ ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဥရောပသို့ တင်ပို့မှုမှာ ၁၃.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်မြင့်တက်ခဲ့ရခြင်းမှာ ငွေကြေးဖောင်းပွမှုကြောင့်သာ တန်ဖိုးအားဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ပို့ကုန်ပမာဏမှာ ၆.၂ ရာခိုင်နှုန်းနှင့်သွင်းကုန်ပမာဏမှာ ၈.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏကျဆင်းရသည့် အကြောင်းအရင်းတစ်ရပ်မှာ Toyota Motor နှင့် Mazda Motor အပါအဝင် မော်တော်ယာဉ်ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီကြီး ၅ ခုမှ စက်စမ်းသပ်မောင်းနှင်မှုဆိုင်ရာ သတင်းအချက်အလက်များကို လိမ်လည်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခင်အပတ်တွင် ဂျပန်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့်အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ၌ ဂျပန်နိုင်ငံ၏ပို့ကုန်တန်ဖိုး(ယန်းငွေဖြင့်)မှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ယန်းငွေတန်ဖိုးကျဆင်းခြင်း၊ ရေနံစိမ်းဈေးနှုန်းမြင့်တက်ခဲ့ခြင်းနှင့် ကြေးနီကဲ့သို့သောသတ္တုဈေးနှုန်းများမြင့်တက်ခဲ့ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏သွင်းကုန်တန်ဖိုးမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News