ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထား ၁၅% ထိလျှော့ချထားပေးမှုကို ဆက်လက်ထားရှိလိုကြောင်း စိုက်ပျိုး ရေးဝန်ကြီးမှ ၂၆-၅-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အခွန်နှုန်းထားအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၃၅% မှ ၁၅% သို့လျှော့ချပေးခဲ့ပြီး ဈေးကွက်တွင်း ဆန်ဈေးနှုန်းများကျဆင်းစေရန်အတွက်ဖြစ်ပါကြောင်း၊ သို့သော် ပြည်တွင်းဆန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အခွန်နှုန်းလျှော့ချပေးခြင်း၏အကျိုးအမြတ်များကို ဆန်တင်သွင်းသူများကသာ ရရှိခံစားနေရသကဲ့သို့ဖြစ်နေကြောင်း ဖော်ပြပါရှိပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၆၂ အရ ဆန်အပါအဝင် အရေးကြီးကုန်စည်များတင်သွင်းခြင်းအပေါ် အခွန်နှုန်းလျှော့ချပေးခြင်းကို ဈေးကွက်အခြေ အနေအရ (၄)လတစ်ကြိမ်ပြန်လည်သုံးသပ်သွားရန်ဖြစ်ပါသည်။ စိုက်ပျိုးရေးဝန်ကြီး၏ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ဆန်တင်သွင်းမှုသည် တဖြည်းဖြည်းချင်းမြင့်တက်လျက်ရှိသည့်အတွက် သေချာပြန်လည်သုံးသပ်စဉ်းစားရန်လိုအပ်ပါကြောင်း၊ အခြားသောစီးပွားရေးအကြံပေးများနှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
ပြည်တွင်းဆန်လက်ကျန်အကန့်အသတ်ကြောင့် ဆန်ဈေးနှုန်းမြင့်တက်လာမည့် အခြေအနေမျိုးကို ရှောင်ရှားနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှလည်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်အဓိကတင်ပို့လျက်ရှိသည့် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နိုင်ငံကဲ့သို့သောဆန်တင်ပို့နေသည့် နိုင်ငံများ၏ စပါးရိတ်သိမ်းသည့်ကာလများတွင် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို မြှင့်တင်သင့်ကြောင်းကိုလည်း စိုက်ပျိုးရေးဝန်ကြီးမှ ထည့်သွင်းပြောကြားခဲ့ပါသည်။
အမေရိကန်စိုက်ပျိုးရေးဌာန၏ခန့်မှန်းချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ဆန်တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၅.၄ သန်းနှင့် ၂၀၂၆ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၅.၅ သန်းခန့်ထိ တိုးမြင့်တင်သွင်းနိုင်ပါကြောင်း၊ ၂၀၂၄ ခုနှစ်က တန်ချိန် ၄.၆၈ ထိ စံချိန်တင်တင်သွင်းခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ သို့ရာတွင် အမေရိကန်စိုက်ပျိုးရေးဌာန ၏ခန့်မှန်းတွက်ချက်မှုသည် ရာသီဥတုဆိုးရွားပြင်းထန်ခြင်းကြောင့် စပါးအထွက်နှုန်းကျဆင်းခြင်းကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိရန် မျှော်လင့်ပါကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)