International News

ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ခုနှစ်အထိ ဆန်ကုန်သွယ်မှုမြှင့်တင်ရေးစီမံချက်အသစ်များ ချမှတ်

Last Updated:

ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MOIT)၊ ပို့ကုန်သွင်းကုန်ဦးစီးဌာနသည် မေလ ၂၀ ရက်နေ့က မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ သင်ဇိုင်းပြည်နယ်တွင် ကျင်းပပြုလုပ်သည့် ညီလာခံတစ်ခုတွင် ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုအား ၂၀၃၀ခုနှစ်အထိမြှင့်တင်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို အရှိန်အဟုန်မြှင့်အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကြိုးပမ်းချက်များ ခိုင်မာစေရန် အစီအမံသစ်များ ချမှတ်ခဲ့ပါသည်။

အာဏာပိုင်များအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ဆန်စပါးကဏ္ဍရှိ ထောက်ပံ့နှင့် ပို့ဆောင်ရေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နေချိန်တွင် ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဆန်စပါးထုတ်လုပ်မှုကို ပြန်လည်ဖွဲ့စည်းရန် သမဝါယမများနှင့် ဆန်တင်ပို့သူများအကြား တန်ဖိုးကွင်းဆက်ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် အကြံပြုခဲ့သည်။

စီးပွားရေးလုပ်ငန်းများနှင့် ဆန်စပါးကုန်သည်လုပ်ငန်းရှင်များအား ဆန်စပါးလုပ်ငန်းစဉ်တွင် ဈေးကွက်အတွင်း လိုအပ်သောအရည်အသွေး၊ စံချိန်စံညွှန်းထိန်းသိမ်းရန်နှင့် စက်ကိရိယာများအဆင့်မြှင့်တင်ရန်၊ပို့ကုန်ဈေးကွက်များကွဲပြားစေရန်နှင့် သမားရိုးကျဝယ်လက်အပေါ် မှီခိုအားထားမှုလျှော့ချရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြည်နယ်စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Mr. Lưu Văn Phi က သင်ဇိုင်းပြည်နယ်၏ ဆန်စပါးထုတ်လုပ်မှုနှင့်ပတ်သက်၍ ကျယ်ပြန့်သောလမ်းနှင့် ရေလမ်းကွန်ရက်များ၊ အခြေခံအဆောက်အဦများအပါအဝင် မဟာဗျူဟာမြောက်အားသာချက်များကို ပြောကြားခဲ့ပါသည်။

အဆိုပါပြည်နယ်သည် ဆန်အဓိကကြိတ်ခွဲခြင်းနှင့် ပြုပြင်ခြင်းစက်ရုံ ၂၀၀ ခန့်ရှိပြီး နှစ်စဉ်ဆန်တန်ချိန် ၃ သန်းထုတ်လုပ်နိုင်ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်ပံ့ပိုးပေးကြောင်း ရေးသားဖော်ပြထားပါသည်။

Mr. Phi မှ ဤကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းဇုန်များဖွံ့ဖြိုးတိုးတက်စေရန်၊ စက်ရုံအဆင့်မြှင့်တင်မှုများတွင် ရင်းနှီးမြှုပ်နှံရန်၊ ထုတ်လုပ်မှုလိုင်းများခေတ်မီစေရန်အတွက် စီမံဆောင်ရွက်မှုစွမ်းရည်များမြှင့်တင်ရန်၊ ဘဏ္ဍာရေးအားကောင်းစေရန် လိုအပ်‌ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

ပြည်တွင်းပြည်ပဈေးကွက်နှစ်ခုစလုံးတွင် အမှတ်တံဆိပ်တည်ဆောက်ခြင်းနှင့် စားသုံးသူယုံကြည်မှုရရှိခြင်းသည် အရေးကြီးသောခြေလှမ်းသစ်တစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိဆန်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စက်မှုလုပ်ငန်း၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင်ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

ဈေးနှုန်းချိုသာစွာဖြင့် ဆန်အမြောက်အမြားတင်ပို့ခြင်း

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၄ လအတွင်း ဆန်တန်ချိန် ၃.၄၃ သန်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိရရှိခဲ့ပါသည်။ ပို့ကုန်ပမာဏတိုးလာသော်လည်း ပို့ကုန်တန်ဖိုး ၁၃.၃ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက် နမ်နိုင်ငံ၏ ဆန်အဓိကဝယ်ယူသူအဖြစ် တည်ရှိကာ ပို့ကုန်ပမာဏ၏ ၄၃.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၅.၅ ရာခိုင်နှုန်းရှိကြောင်းဖော်ပြထားပါသည်။

ပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၅ ရှိပြီး ယခင်နှစ်ထက် ၁၉.၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အဆိုပါကျဆင်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားတိုးလာမှုကြောင့် ကျွမ်းကျင်သူများနှင့်စီးပွားရေးလုပ်ငန်းများက ယူဆကြပါသည်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ကမ္ဘာ့ဈေးကွက်ပြုပြင်ပြောင်းလဲမှုများကြောင့် ဈေးနှုန်းများကျဆင်းရခြင်းဖြစ်သည်ဟု ဗီယက်နမ်ဆန်တင်ပို့သူအများအပြားက ယူဆကြသည်။ အိန္ဒိယနိုင်ငံ၏ ပို့ကုန်တားမြစ်ချက်ရုတ်သိမ်းလိုက်ခြင်းသည် ရောင်းအားကိုမြှင့်တင်ပေးပြီး ဈေးနှုန်းများကျဆင်းလာစေရန် ဖိအားများဖြစ်ပေါ်စေခဲ့ကြောင်းဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် ဆန်သိုလှောင်မှုမြင့်မားမှုကို လျှော့ချရန်အတွက် ပို့ကုန်များတိုးမြှင့်တင်ပို့မှုသည် ကမ္ဘာ့ဆန်ဈေးနှိမ့်ကျသွားဖွယ်ရှိပြီး ဗီယက်နမ်ဆန်တင်ပို့သူများအတွက် အမြတ်အစွန်းများနှင့် ဈေးကွက် ဝေစုကို ထိန်းသိမ်းရန် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။

အမေရိကန်စိုက်ပျိုးရေးဌာန(USDA)မှ ၂၀၂၅-၂၀၂၆ သီးနှံနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဆန် ထုတ်လုပ်မှုသည် ယခင်နှစ်ထက် တန်ချိန် ၅၃၈.၇ သန်း စံချိန်တင်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ အထွက်နှုန်းမြင့်မားလာသော်လည်း ကမ္ဘာလုံးဆိုင်ရာစားသုံးမှုတန်ချိန် ၆.၁ သန်းခန့်တိုးလာခြင်းကြောင့် ထောက်ပံ့ရေးပြတ်တောက်မှုများ ပြန်လည်ပေါ်ပေါက်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ဆန်ကုန်သွယ်မှုသည် တိုးလာမည်ဟုခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၀.၅ သန်းနှင့် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၆၁.၃ သန်းအထိရှိမည်ဟု ခန့်မှန်းထားပါသည်။

အိန္ဒိယသည် ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းတင်ပို့သူအဖြစ်ရပ်တည်နိုင်ရန် အခြားသော အဓိကတင်ပို့နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့အပေါ် လက်ရှိအသာစီးအနေအထားကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် အခြားပေးသွင်းသည့်နိုင်ငံများအတွက် ဆန်တင်ပို့မှုရောင်းချမှုရှယ်ယာကို တိုးချဲ့ရန် ပိုမိုခက်ခဲစေမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MOIT)မှ ဆန်တင်ပို့မှုလုပ်ငန်းများနှင့်ပတ်သက်သည့် အမိန့်အမှတ် 107/2018/NĐ-CP နှင့် အမိန့်အမှတ် 01/2025/NĐ-CP ပါ ပြဠာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းဆိုင်ရာ အကြံပြုချက်များအား ရယူခဲ့ပြီး စက်မှုလုပ်ငန်း၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့်လိုက်လျောညီထွေဖြစ်အောင် အဆင့်မြှင့်တင်ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News