အမေရိကန်နိုင်ငံသည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှ အမေရိကန်ဒေါ်လာ ၈၀၀ အောက်အသေးစားပါဆယ်ထုပ်များအတွက် ယခင်ပေးခဲ့သော အကောက်ခွန်ကင်းလွတ်ခွင့်ကို ရုတ်သိမ်းလိုက်သည်။
ဤမူဝါဒပြောင်းလဲမှုကြောင့် နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး(Cross-border e-commerce)လုပ်ငန်းများတွင် ကုန်ကျစရိတ်များလျှင်မြန်စွာမြင့်တက်လာကာ တိုက်ရိုက်ပို့ဆောင် ရေး(Direct shipping)ကိုမှီခိုနေရသော အသေးစား၊ အလတ်စားပြည်ပကုန်သွယ်ရေးလုပ်ငန်းများစွာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာစေ သည်။
အကောက်ခွန်ဆိုင်ရာ တုန်လှုပ်ချောက်ချားမှုများ ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်လျက် ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးကို ပေါင်းစည်းနိုင်ရန် အင်တိုက်အားတိုက်ကြိုးပမ်းလျက်ရှိသည်။ အင်တာနက်ပလက်ဖောင်းများ၊ လက်လီကုမ္ပဏီကြီးများ၊ တိုက်ရိုက်ထုတ်လွှင့်ရောင်းချသည့် Live-streaming e-commerce လုပ်ငန်းရှင်များနှင့် ပြည်ပကုန်သွယ်ရေးလုပ်ငန်းများပူးပေါင်းလျက် ဤစိန်ခေါ်မှုများကို ကျော်လွှားရန် အားထုတ်ကြိုးပမ်းလျက် ရှိသည်။
ပထမဦးစွာပြည်ပပို့ကုန်မှ ပြည်တွင်းရောင်းချမှုသို့ အသွင်ကူးပြောင်းရေးကိုမြှင့်တင်ရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံ၏ကြီးမားကျယ်ပြန့်သော ပြည်တွင်းဈေးကွက်သည် ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းများအတွက် အရေးပါသောကြားခံနှင့် ခိုင်မာ သောအထောက်အပံ့အဖြစ် ရပ်တည်လျက်ရှိသည်။
Alibaba၊ JD.com နှင့် Meituan ကဲ့သို့သောပလပ်ဖောင်းများသည် "အရည်အသွေးမြင့်ပြည်ပပို့ကုန်ပစ္စည်းများ"(premium export products)အတွက် ခွင့်ပြုပေးထားသည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ထားသော ပလက်ဖောင်းများဖြစ်သည်။ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများကို ပြည်တွင်းစျေးကွက်သို့ လျင်မြန်စွာဝင်ရောက်နိုင်ရန် ကူညီပေးလျက်ရှိသည်။
ဤကူးပြောင်းမှုကာလအတွင်း ပြည်ပကုန်သွယ်ရေးလုပ်ငန်းများအကြား ဒစ်ဂျစ်တယ်စွမ်းရည်၏ ဖြစ်နိုင်ခြေရှိသော ကွာဟချက်များကို ဖြေရှင်းရန်အတွက် e-commerce ပလပ်ဖောင်းများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ အရောင်းဒေတာနှင့် ဆန်းစစ်လေ့လာမှုအစီရင်ခံစာများကို ပံ့ပိုးပေးလျက်ရှိပြီး ပြည်တွင်းဈေးကွက်နှင့် အသင့်တော်ဆုံးထုတ်ကုန်အမျိုးအစားများကို ခွဲခြားသတ်မှတ်ရာ၌ အထောက်အကူပြုစေရန်အတွက် ရည်ရွယ်သည်။ ယင်းကြောင့် ရွေးချယ်မှုမှားယွင်းခြင်းများကို လျှော့ချလာနိုင်မည် ဖြစ်သည်။
ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များအတွက် ပလက် ဖောင်းများက ဆိုင်အမှတ်တံဆိပ်ဒီဇိုင်းရေးဆွဲခြင်း၊ လုပ်ငန်းအကြောင်းပြောပြခြင်းနှင့် အမှတ်တံဆိပ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ပလက်ဖောင်းတွင်းနှင့် ပလက်ဖောင်းပြင်ပစျေးကွက်ရှာဖွေရေးလုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ပေးခြင်းအပါအဝင် အလုံးစုံသော အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိသည်။
ဒုတိယအချက်အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ တကာဈေးကွက်များသို့ အမျိုးမျိုးဖြန့်ကျက်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။
အမေရိကန်၏ အကောက်ခွန်မူဝါဒများကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများသည် အမေရိကန်ဈေးကွက်အပေါ် ၎င်းတို့၏မှီခိုမှုကို လျှော့ချလာကြသည်။
တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (China Council for the Promotion of International Trade–CCPIT)၏ စစ်တမ်းတစ်ခုအရ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏အမေရိကန်လုပ်ငန်းများကို လျှော့ချရန် အစီအစဉ်ရှိသည်။လုပ်ငန်းများ၏ ၇၅ ဒသမ ၃ ရာခိုင်နှုန်းအနေဖြင့် အမေရိကန်သို့ တင်ပို့မှုကျဆင်းနေမှုကို ဖြေရှင်းရန်အတွက် ထွန်းသစ်စဈေးကွက်များသို့ချဲ့ထွင်သွားရန် ရည်ရွယ်ထားကြောင်း ပြသခဲ့သည်။
အခြားသော စျေးကွက်ကြီးများအား ရှာဖွေနေစဉ်တွင် တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အရှေ့တောင်အာရှနှင့် လက်တင်အမေရိကစသည့်ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ အလားအလာကို ရှာဖွေ၍ မူဝါဒဆိုင်ရာ စွန့်စားမှုကို လျှော့ချသွားရန် ကြိုးပမ်းလျက်ရှိသည်။
၂၀၂၅ ခုနှစ် မတ်လတစ်လတည်းတွင် အာဂျင်တီးနားနှင့် ချီလီကုမ္ပဏီများ၏ မှာယူမှုများသည် ၁၀၁ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်းအသီးသီးမြင့်တက်လာခဲ့သည်။ ထို့အပြင် ရိုးရာစျေးကွက်များကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည်လည်း အလွန်အရေးကြီးသည်။
အမေရိကန်၏အကောက်ခွန်မူဝါဒ မကြာခဏပြောင်းလဲမှုများကြောင့် နိုင်ငံတကာတွင် မတည်ငြိမ်မှုများတိုးပွားလာသည်နှင့်အမျှ Belt and Road မိတ်ဖက်နိုင်ငံများနှင့် ပိုမိုနက်ရှိုင်းသော စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆက်ဆံမှုများ ထူထောင်ရန်နှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်သောမူဘောင်တစ်ခုပေါ်ထွန်းရေး အတူတကွလုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။
တတိယအချက်အနေဖြင့် ပိုမိုအားကောင်းသော ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်(Supply chain)ကိုတည်ဆောက်ရန် ပြင်းပြင်းထန်ထန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တရုတ်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ပြည်ပဂိုဒေါင်(Overseas warehouse)နှင့် ပလက်ဖောင်းပုံစံများ(platform models)ကိုပြန်လည်ဖွဲ့စည်းခြင်းဖြင့် "de minimis" ကင်းလွတ်ခွင့်ကို ရပ်စဲခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများကို လျော့ပါးသွားစေရန် ကြိုးပမ်းလျက်ရှိသည်။
ပိုမိုမြန်ဆန်သောပို့ဆောင်ခြင်း၊ ထောက်ပံ့ပို့ဆောင်စရိတ်သက်သာခြင်းနှင့်ပိုမိုကောင်းမွန်သော ဖောက်သည်ဝန်ဆောင်မှုတို့ကိုပေးစွမ်းနိုင်သည့် ပြည်ပဂိုဒေါင်ပုံစံ(overseas warehouse model)သည် တိုက်ရိုက်ပို့ဆောင်ရေး(Direct shipping)လုပ်ငန်းများစွာအတွက် အစားထိုးနိုင်သော ရွေးချယ်စရာတစ်ခုဖြစ်လာသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ နိုင်ငံတော်အခွန်အကောက်စီမံခန့်ခွဲရေးအဖွဲ့(State Taxation Administration)သည် ပြည်ပဂိုဒေါင်များမှတင်ပို့သော e-commerce ကုန်ပစ္စည်းများအတွက် "ထွက်ခွာချိန်တွင် အခွန်ပြန်အမ်းခြင်း"(tax refund upon departure) လုပ်ငန်းစဉ်ကို မိတ်ဆက်ခဲ့သည်။ ဤသည်မှာ ယင်းပုံစံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်ထပ်မူဝါဒဆိုင်ရာအထောက်အပံ့တစ်ရပ်ဖြစ် သည်။
နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများသည် ဤအခွင့်အလမ်းကိုအသုံးချလျက် လျင်မြန်သောကုန်စည် ပို့ဆောင်မှု၊ ပိုမိုချောမွေ့သောအကောက် ခွန်ရှင်းလင်းမှုနှင့် ပိုမိုထိရောက်သော ဖြန့်ဖြူးမှုများကို ရယူရန် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ဖြင့် တရုတ်နိုင်ငံ၏နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး(cross-border e-commerce) ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနှင့် ဒုတိယအကြီးဆုံး လူသုံးကုန် ပစ္စည်းစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည် အမေရိကန်၏ အကောက်ခွန်ဆိုင်ရာ အနိုင်ကျင့်မှုများကို ရင်ဆိုင်ရာတွင် အဆင့်မြင့် ပွင့်လင်းမှုမူဝါဒကိုမြှင့်တင်ရန်နှင့် ၎င်း၏အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေရန် ခိုင်မာစွာဆုံးဖြတ်ထားသည်။
တည်ငြိမ်သော ကြီးထွားမှုနှင့်အတူ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုကြီးမားသော သေချာမှုကို ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ပြီး တရုတ်စီးပွားရေး၏ ခိုင်မာသော ခံနိုင်ရည်ရှိမှုနှင့် တက်ကြွမှုတို့ကို ကမ္ဘာသို့ ပြသသွားမည်ဖြစ်သည်။
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)