International News

၂၀၂၄ ခုနှစ်အတွင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရုတ်ခရီးသွားဧည့်သည်များလာရောက်မှု တိုးတက်လျက်ရှိ

Last Updated:

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)မှ ဒူဘိုင်းမြို့သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်များ သိသိသာသာတိုးတက်လာကြောင်း မကြာသေးမီက သတင်းတစ်ရပ်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က ရှန်ဟိုင်းတွင်ပြုလုပ်သည့် Roadshow ပြပွဲတစ်ခုအတွင်း DET က ဒူဘိုင်းသို့ တရုတ်နိုင်ငံမှ ညအိပ်ခရီးသွားဧည့်သည် ၆၂၀,၀၀၀ လာရောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း တရုတ်ခရီးသွားညအိပ်ဧည့်သည် ၂၉၀,၀၀၀ နီးပါးရှိပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀၁ % တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။

DET ၏လက်ထောက်မန်နေဂျာ Saud Hareb Al Mheiri က ဒူဘိုင်း၏ခရီးသွားလုပ်ငန်းအတွက် အဓိကရင်းမြစ်စျေးကွက်တစ်ခုအဖြစ် တရုတ်နိုင်ငံ၏အရေးပါမှုကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ တရုတ်ခရီးသွားဧည့်သည်များအကြား ဒူဘိုင်း၏ရေပန်းစားမှုသည် လွန်ခဲ့သည့်နှစ်ကထက်သာလွန်သွားခြင်းနှင့်ပတ်သက်၍ အကောင်းမြင်ပါကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ်ကတည်းက ယူအေအီးနိုင်ငံသည် တရုတ်ဧည့်သည်များအား ဆိုက်ရောက်ဗီဇာထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ယူအေအီးနိုင်ငံသည် တရုတ်ခရီးသွား ၇၆၄,၀၀၀ ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄၁ % တိုးတက်လာခဲ့ပါသည်။

DET ၏နိုင်ငံတကာလုပ်ငန်းဆောင်ရွက်မှုအကြီးတန်းမန်နေဂျာ Qiu Weining က ဒူဘိုင်း၏ ခရီးသွားလုပ်ငန်းအောင်မြင်မှုများကို အလေးပေးပြောကြားခဲ့ပြီး ဒူဘိုင်းမြို့သည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည်လာရောက်မှု ၁၆.၇ သန်းအထိ အမြင့်ဆုံးနေရာသို့ရောက်ရှိခဲ့ပြီး ၂၃၂၃ ခုနှစ်တွင် ၁၇.၁ သန်းအထိ ပိုမိုတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက တရုတ်နိုင်ငံသည်ဒူဘိုင်း၏ ပဉ္စမအကြီးဆုံးခရီးသွားအရင်းအမြစ် ဈေးကွက်ဖြစ်ခဲ့ပါသည်။တရုတ်နိုင်ငံမှ နိုင်ငံတကာခရီးသွားလာမှုများကိုပြန်လည်ဖွင့်လှစ်ပြီးနောက် ဒူဘိုင်းမှ ၎င်း၏ဗီဇာကင်းလွတ်ရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားရှိခဲ့ပြီး တရုတ်ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည့် အခြားအစီအမံများကိုလည်း မိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။

ဘေဂျင်း၊ ရှန်ဟိုင်း၊ ချန်ဒူးနှင့် ကွမ်ကျိုးတို့တွင် ဇွန်လ ၁၇ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် Roadshow ပြပွဲများသည် ဒူဘိုင်း၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြသခဲ့ခြင်းဖြစ်ပြီး လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ အထင်ကရနေရာများ၊ စျေးဝယ်စင်တာများနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကုမ္ပဏီများအပါအဝင် ဒူဘိုင်းမှ ခရီးသွားနှင့်ဆက်စပ်လုပ်ငန်းစီစဉ်ဆောင်ရွက်သူ ၂၂ ခုကို ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပါသည်။

Al Mheiri မှ ဒူဘိုင်းအတွက် တရုတ်ခရီးသွားဈေးကွက်၏အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး တရုတ်ဧည့်သည်များသည် ဒူဘိုင်းမြို့အတွက်ခိုင်မာသောချစ်ကြည်ရင်းနှီးမှုကို ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက DET ၏ကတိကဝတ်ကို တရုတ်ခရီးသွားလုပ်ငန်းရှင်များနှင့် ထိတွေ့ဆက်ဆံပေးနိုင်ခဲ့ပြီး ဒူဘိုင်း၏ မတူကွဲပြားသောကမ်းလှမ်းမှုများကို Roadshow ပြပွဲများနှင့် အခြားသော ဗျူဟာမြောက်ကြိုးပမ်းဆောင်ရွက်မှုများမှတစ်ဆင့် ပြသနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။

အနာဂတ်ကိုမျှော်ကြည့်ရင်းဖြင့် DET သည် “တရုတ်အဆင်သင့်”(China Ready)မဟာဗျူဟာကို စတင်ဆောင်ရွက်ခဲ့ပြီး တရုတ်ခရီးသွားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အစီအမံများကို စဉ်ဆက်မပြတ်ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။ တရုတ်မြို့ကြီး ၁၄ မြို့မှ တိုက်ရိုက်လေကြောင်းပျံသန်းမှုများနှင့် ဒူဘိုင်းတွင် Alipay နှင့် WeChat စသည့်အွန်လိုင်းငွေပေးချေမှုများအား ကျယ်ကျယ်ပြန့်ပြန့်လက်ခံနိုင်မှုတို့နှင့်အတူ ဒူဘိုင်းမြို့သည်တရုတ်ခရီးသွားဧည့်သည်များကို လွယ်ကူချောမွေ့စွာတည်းခိုနေထိုင်နိုင်ရန်အတွက် ကောင်းစွာပြင်ဆင်စီမံထားရှိပါသည်။

မကြာသေးမီက ဒူဘိုင်းတွင် အခွန်ငွေပြန်အမ်းမှုမျာအတွက်အတွက် Alipay ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး WeChat မှတစ်ဆင့်ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါလမ်းကြောင်းနှစ်ခုစလုံးကို မက်ထရိုရထားနှင့်အငှားယာဉ်များကဲ့သို့သော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများတွင်လည်း လက်ခံဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိကြောင်း Qiu က ပြောကြားခဲ့ပါသည်။

တရုတ်စားသုံးသူများနှင့်ထိတွေ့ဆက်ဆံမှုကို မြှင့်တင်နိုင်ရန်အတွက် DET သည် Xiaohongshu(Little Red Book) နှင့် Douyin ကဲ့သို့သော အွန်လိုင်းလူမှုလမ်းကြောင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Xiaoyuzhou နှင့် Ximalaya ကဲ့သို့သောသိုလှောင်မှုနှင့်ဖြန်ဖြူးရေးအွန်လိုင်းဝန်ဆောင်မှု podcast လမ်းကြောင်းများနှင့်လည်း လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။

ဒူဘိုင်းရှိခရီးစဉ်ဒေသများအနက် Burj Al Arab အတွင်းပိုင်း၊ Dubai Mall ရှိ Arte ပြတိုက်၊ Dubai Mall ရှိ China Town နှင့် Real Madrid World နေရာများအပါအဝင် ခရီးသွားများအတွက် အတွေ့အကြုံနှင့် စူးစမ်းလေ့လာနိုင်မည့်ဆွဲဆောင်မှုများစွာမှ စောင့်ဆိုင်းလျက်ရှိကြောင်း Qiu က ဆက်လက်ပြောကြားခဲ့ပါသည်။

Source: China Daily Information Company

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News