၈-၅-၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ၅.၄ % ထိရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ၅.၃% ရှိရာမှ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ စီးပွား ရေးပညာရှင်များ၏ ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင် နိုင်ငံ၏စီးပွားရေးသည် ၆% ထိတိုးမြင့်နိုင်ကြောင်း သိရှိရပါသည်။ သို့သော် ကုန်သွယ်ရေးစစ်ပွဲ၏အကျိုးဆက်များသည် ကမ္ဘာ့စီးပွားရေးကို မသေချာမရေရာမှုများဖြစ်ပေါ်လာစေနိုင်သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံသို့လည်း အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ခဲ့ပါကြောင်း၊၎င်းနောက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့ အသီးသီးတိုးတက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် တဖြည်းဖြည်းချင်းတိုးတက်မည့် အလားအလာရှိကြောင်း ဖိလစ်ပိုင်စီးပွားရေး၊ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယဝန်ကြီးမှ ပြောကြားထားပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်ထက် တိုးတက်ခဲ့သော်လည်း အလားတူကာလဖြစ်သော ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၅.၉% ရရှိခဲ့သဖြင့် နှိုင်းယဉ်မည်ဆိုပါက အနည်းငယ်ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ မူလရည်မှန်းထားသည့်နေရာသို့ မရောက်ရှိခဲ့ခြင်းသည် ကမ္ဘာ့စီးပွားရေး ဖိအားများသက်ရောက်မှုနှင့် မသေချာမရေရာမှုများရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် အာရှနိုင်ငံများအကြား ဒုတိယနေရာတွင် ရပ်တည်နေပါကြောင်း၊ ဗီယက်နမ်နိုင်၏ဂျီဒီပီတိုးတက်မှုနှုန်းသည် ၆.၉%၊ တရုတ်နိုင်ငံ ၅.၄%၊ အင်ဒိုနီးရှား ၄.၉%၊ မလေးရှား ၄.၄%၊ ထိုင်း ၂.၈%အသီးသီးရှိခဲ့ပါသည်။ အစိုးရအနေဖြင့်လည်း အခြားသော ဈေးကွက်အသစ်များရှာဖွေပြီး ကုန်သွယ် ရေးတိုးမြှင့်သွားရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ၏ မသေချာမရေရာသည့်အခြေအနေများကြား အစိုးရအနေ ဖြင့် အခြားသောစီးပွားရေးအင်အားကြီးမားသည့် ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော အီးယူ၊ ယူအေအီး၊ အမေရိကန်နှင့် အလားအလာရှိသော ဈေးကွက်များကို ချဲ့ထွင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကျန်ရှိနေသည့်ကာလများတွင် ဂျီဒီပီတိုးတက်မှုနှုန်းအား အနိမ့်ဆုံး ၆% ရည်မှန်းထားဆောင်ရွက်သွားရန် ဖြစ်ပြီး ၆.၂ % ခန့်ထိ ရောက်ရှိရန်လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)