International News

တရုတ်နိုင်ငံသည် ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ရန် အဓိကတွန်းအားပေးသည့်အနေဖြင့် ဥပဒေအသစ်တစ်ရပ်ကို အတည်ပြု

Last Updated:

တရုတ်နိုင်ငံ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အဓိကအစိတ်အပိုင်းဖြစ်သော ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ ပထမဆုံးအခြေခံဥပဒေကို ၃၀-၄-၂၀၂၅ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် အတည်ပြုခဲ့သည်။

ဥပဒေပြုရေးလုပ်ငန်းစဉ်များ တစ်နှစ်ကျော်ကြာခဲ့ပြီးနောက် အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ အစည်းအဝေးတွင်အတည်ပြုခဲ့သော ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးဥပဒေ(private sector promotion law)သည် ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

အဆိုပါဥပဒေတွင် ပုဂ္ဂလိကစီးပွားရေး၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ကောင်းမွန်၍ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းသည် တရုတ်နိုင်ငံ၏ အရေးပါသော ရေရှည်မူဝါဒတစ်ရပ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

တရားမျှတသောစျေးကွက်ရရှိရေးနှင့် ငွေကြေးထောက်ပံ့မှုရရှိစေရေးတို့အပြင် ဝန်ဆောင်မှုများတိုးမြှင့်ပေးခြင်းနှင့် မူလတီထွင်ဆန်းသစ်မှု(မူပိုင်ခွင့်)ကာကွယ်ခြင်း စသည်ဖြင့် ပုဒ်မ ၇၈ ခု ပါဝင်သည့် ယင်းဥပဒေသည် ပုဂ္ဂလိကကဏ္ဍတိုးတက်မှုကို အားပေးရန်၊ ပံ့ပိုးရန်နှင့် လမ်းညွှန်ရန်ကြိုးပမ်းမှုများကို ခိုင်ခိုင်မာမာတွေ့မြင်နိုင် သည်။

အဆိုပါဥပဒေသည် ပုဂ္ဂလိကကဏ္ဍအတွက် ပိုမိုရှင်းလင်းပြတ်သားပြီး ပိုမိုခိုင်မာ သောအာမခံချက်တစ်ရပ်ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံရေးသိပ္ပံနှင့် ဥပဒေရေးရာတက္ကသိုလ်မှ ပါမောက္ခ Li Shuguang က ပြောကြားခဲ့သည်။

ဤဥပဒေသည် ပြည်တွင်း၊ ပြည်ပစီးပွားရေးအခက်အခဲများကို ရင်ဆိုင်ရာတွင် ဆို ရှယ်လစ်စျေးကွက်စီးပွားရေး၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုထားသော ပုဂ္ဂလိကကဏ္ဍကို အားကောင်းလာစေရန်အတွက် တရုတ်နိုင်ငံ၏ နောက်ဆုံးခြေလှမ်းတစ်ရပ်အဖြစ် အားထုတ်ကြိုးပမ်းခြင်းဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍ၏ စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပါက ဤဥပဒေပုံဖော်ခြင်းနှင့်အတည်ပြုခြင်းသည် "အချိန်ကိုက်နှင့် လုံးဝမရှိမဖြစ်" (highly timely and absolutely essential) အဆင့်တစ်ခုဖြစ်သည်ဟု အရာရှိများနှင့် လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

တရုတ်နိုင်ငံ၏ လွတ်လပ်သော အတွေးအခေါ်အဖွဲ့အစည်း Anbound ၏အဆိုအရ ပြည်တွင်း ဝယ်လိုအားကို လှုံ့ဆော်ရန်နှင့် ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်ရန်ဖြစ်စေ သို့မဟုတ် ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် ထောက်ပံ့မှုအရည်အသွေးကို မြှင့်တင်ရန် ဖြစ်စေ ပုဂ္ဂလိကလုပ်ငန်းများသည် အဓိကပါဝင်သူနှင့် ပံ့ပိုးသူဖြစ်လာမည်ဖြစ်သဖြင့် ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ခြင်းသည် နိုင်ငံ၏စီးပွားရေးမူဝါဒအစီအစဉ်တွင် အရေးပါသောအစိတ်အပိုင်းဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနောက်ကွယ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး GDP ၏ ၆၀ ရာခိုင်နှုန်းကျော်နှင့် မြို့ပြအလုပ်အကိုင်အခွင့်အလမ်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိကလုပ်ငန်းပေါင်း ၅၇ သန်းကျော်ရှိပြီး တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၂ ရာခိုင် နှုန်းကျော်ရှိသည်။

လျှပ်စစ်ကားထုတ်လုပ်သူ BYD၊ ဉာဏ်ရည်တုတီထွင်ဆန်းသစ်သူ DeepSeek နှင့် စက်ရုပ်နည်းပညာများဖြင့် ဦးဆောင်လာသူ Unitree Robotics ကဲ့သို့သော ပုဂ္ဂလိကလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ တိုးတက်မှုကို အခြေခံသော ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်လာခဲ့သည်။

သို့သော်လည်း ပြည်တွင်း၌ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း၊ အချို့သောကဏ္ဍများတွင် ငွေကြေးထောက်ပံ့မှုဆိုင်ရာကန့်သတ်ချက် များနှင့် မမြင်နိုင်သောစျေးကွက် ဝင်ရောက်မှုအတားအဆီးများကို ရင်ဆိုင်နေရပြီး နိုင်ငံတကာတွင် ပြင်ပမှလှုပ်ခတ်မှုများ၏ တိုးမြင့်လာသော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။

အဆိုပါဥပဒေသည် မူဝါဒဆိုင်ရာပံ့ပိုးကူညီမှုများကို ဥပဒေကြောင်းအရ အာမခံချက်များအဖြစ် ပြောင်းလဲပေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအတွက် ရှေ့ဆက်လှမ်းနိုင်ရန် ပိုမိုခိုင်မာသော အာမခံချက်နှင့် တွန်းအားပေးမှုကို ဖော်ဆောင်ပေးမည်ဖြစ် ကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဥက္ကဋ္ဌ Qi-Anxin နှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ ကုန်သည်စက်မှုအသင်းချုပ်(All-China Federation of Industry and Commerce) ဒုတိယဥက္ကဋ္ဌ Qi Xiangdong တို့က ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးရေးသည် အကောင်းဆုံးသော စီးပွားရေးပတ်ဝန်းကျင်ဖြစ်ကြောင်း Qi က ပြောခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဆိုင်ရာ အဆင့်မြင့်စာတမ်းဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ၏ယုံကြည်မှုနှင့် တိုးတက်မှုကိုမြှင့်တင်ရန် ခိုင်မာသောပြယုဂ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

တစ်လအကြာကျင်းခဲ့သည့် ညီလာခံနှစ်ခုတွင် တရုတ်နိုင်ငံသည် ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းများကိုပံ့ပိုးကူညီရန်ထပ်လောင်းပြောကြားခဲ့ပြီး စျေးကွက်အဖွဲ့အစည်း များအားလုံး၏တက်ကြွမှုကို ဖော်ဆောင်ရန် ထိရောက်သောလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(National Development and Reform Commission-NDRC)အောက်တွင် ပုဂ္ဂလိကကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်မည့်အထူးဗျူရိုတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ကွမ်တုံပြည်နယ်(Guangdong)၊ ရှန်းရှီပြည်နယ်(Shanxi)၊ ချင်းဟိုင်ပြည်နယ်(Qinghai)နှင့် ကျဲကျန်းပြည်နယ် (Zhejiang) စသည့်ပြည်နယ်များအပါအဝင် ပြည်နယ်အဆင့်ဒေသအများအပြားတွင် အဆိုပါဗျူရိုကို တည်ထောင်ထားသည်။

ဆောင်ရွက်မှုနယ်ပယ်ကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သောအပတ်က NDRC သည် ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် ကန့်သတ်မှုမရှိသော နယ်ပယ်များကို သတ်မှတ်ထားသည် ဈေးကွက်ဝင်ရောက်မှုငြင်းဆိုချက်စာရင်း(new market access negative list) အသစ်ကို ထုတ်ပြန်ခဲ့ပြီး စာရင်းရှိကုန်စည်အရေအတွက်ကို ၁၁၇ မှ ၁၀၆ အထိ လျှော့ချခဲ့သည်။

Wontai Group ၏ဥက္ကဋ္ဌ Nan Yi က အဆိုပါဥပဒေသည် ပုဂ္ဂလိကလုပ်ငန်းများအား အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကဏ္ဍများသို့ ဝင်ရောက်နိုင်ရန် ကူညီပေးမည်ဖြစ်ပြီး ၎င်းတို့၏သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး(R&D)ကဏ္ဍ၌ ဆက်လက်ရင်းနှီးမြှုပ်နှံမှုအတွက် ခိုင်မာသောအာမခံချက်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေကိုအတည်ပြုလိုက်ခြင်းသည် ပုဂ္ဂလိကကဏ္ဍစီးပွားရေး၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောတွန်းအားကို ဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2025/0501/c90000-20309932.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News