International News

အိန္ဒိယ၏ ၂၀၂၅ ခုနှစ်တွင် အီသနောရောစပ်အသုံးပြုမှု ရည်မှန်းချက်ပြည့်မီစေရေး ကူညီပေးမည်ဟု အမေရိကန်က ကမ်းလှမ်း

Last Updated:

အိန္ဒိယသည် အီသနောလောင်စာဆီထုတ်လုပ်မှုအတွက် သကြားအသုံးပြုမှုကို ကန့်သတ်ပြီးနောက် အမေရိကန်လယ်ယာစီးပွားရေးကုန်သွယ် ရေးမစ်ရှင်က အိန္ဒိယ၏ ၂၀၂၅ ခုနှစ်တွင် အီသနောရောစပ်အသုံးပြုမှုရည်မှန်းချက်ပြည့်မီစေရန်နှင့် အိန္ဒိယမွေးမြူရေးလုပ်ငန်းများအတွက် အီသနောနှင့် ပြောင်းကို တင်သွင်းရန် အဆိုပြုခဲ့ကြောင်းသိရသည်။

နယူးဒေလီမြို့ရှိ လယ်ယာစီးပွားရေးကုန်သွယ်ရေးမစ်ရှင်ကို ဦးဆောင်နေသည့် အမေရိကန်စိုက်ပျိုးရေးဌာန၏ Undersecretary ဖြစ်သူ Alexis Taylor က အိန္ဒိယ၏ အီသနောထုတ်လုပ်မှုမြှင့်တင်ရေးဆောင်ရွက်ချက်အား ပံ့ပိုးပေးနိုင်ရန်အတွက် အခွင့်အလမ်းကောင်းရှိသည်ဟု ယုံကြည် ကြောင်း၊ အမေရိကန်သည် အီသနောအကြီးဆုံးထုတ်လုပ်သူနှင့် သုံးစွဲသူဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် အီသနောနှင့် တိရစ္ဆာန်အစာအတွက် ပြောင်းကိုတင်သွင်းခြင်းသည် အိန္ဒိယ၏အီသနောထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုကိုလှုံ့ဆော်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၊ပြင်ပရေးရာဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းသိရသည်။ အိန္ဒိယသည် ၂၀% အီသနော ရောစပ်ဓာတ်ဆီ(E20)ကို ၂၀၂၅ ခုနှစ်တွင် စတင်အသုံးပြုရန်ရည်မှန်းထားသော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကြံထွက်ရှိမှုနည်းပါးသောကြောင့် အစိုးရက အီသနောထုတ်လုပ်ရာတွင်အသုံးပြုသည့်တင်လဲရည်အပျစ်(B-heavy molasses) နှင့် ကြံရည်အသုံးပြုမှုတို့ကို ကန့်သတ်ခဲ့သည်။

အိန္ဒိယအစိုးရက ၂၀၂၃-၂၀၂၄ ခုနှစ်(နိုဝင်ဘာမှအောက်တိုဘာလ)အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၁၇  သိန်းထိသာ အများဆုံးအသုံးပြုရန် ကန့်သတ်ခဲ့သကဲ့သို့ သကြားစက်ရုံများကိုလည်း အီသနောပြုလုပ်ရန်အတွက် တင်လဲရည်အပျစ်တန်ချိန် ၆.၇ သိန်းကိုသာ မကြာသေးမီက ခွင့်ပြုပေးခဲ့သည်။ အိန္ဒိယသည် စျေးကွက်တွင် သကြားနှင်အချို လုံလောက်စွာထောက်ပံ့မှုရရှိစေရန်အတွက် အီသနောထုတ်လုပ်ရာတွင် ပြောင်းအား သကြားအစားထိုးအသုံးပြုမှုကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူများသက်သာချောင်ချိရေးဝန်ကြီးဌာနမှထုတ်ပြန်သော သီးနှံစိုက်ပျိုးထွက်ရှိမှုဒုတိယအကြိုခန့်မှန်းချက်အရ ပြောင်းထွက်ရှိမှုမှာ ယခင်နှစ်က တန်ချိန် ၃၈ သန်း ထွက်ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၃၂.၄ သန်းသို့ လျော့နည်းမည်ဟု ခန့်မှန်းထားကြောင်းနှင့် ပြောင်းကို အီသနောထုတ်လုပ်ရာတွင်အသုံးပြုပါက ပြည်တွင်းဈေးကွက်လိုအပ်ချက်အတွက် လုံလောက်မှုရှိမည်မဟုတ်ကြောင်း ကုန်သည်များက ပြောကြားလျက်ရှိသည်။

သို့ဖြစ်ပါ၍ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် ၂၀% အီသနောရောစပ်ဓာတ်ဆီ(E20)ကို စတင်အသုံးပြုနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော် လည်း အီသနောထုတ်လုပ်ရာတွင်အသုံးပြုသည့်  ပြည်တွင်းထွက်ရှိသည့် ကြံနှင့်ကြံအစားထိုးအသုံးပြုသည့် ပြောင်းထွက်ရှိမှုလျော့နည်းကျဆင်းမှုများ ကြုံတွေ့နေရသည့်အချိန်တွင် အမေရိကန်မှ အီသနောနှင့်ပြောင်းများကို အိန္ဒိယသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အဆိုပြုကမ်းလှမ်းဆောင်ရွက်လျက်ရှိပါသည်။  

Source: US offers to help India meet ethanol blending target by 2025, The Economic Times, April 29, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News