ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ပို့ကုန်သည် ၁၀.၂ ရာခိုင်နှုန်းဖြင့် ၁၀ လဆက်တိုက်အဖြစ် တိုးတက်မှုရှိခဲ့ခြင်းမှာ တင်သွင်းသူများက အမေရိကန်၏ ရက် ၉၀ အပြန်အ လှန်အခွန်အတွင်း ၎င်းတို့၏လက်ကျန်ကိုတိုးမြှင့်လိုခြင်းကြောင့်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။
၂၀၂၅ ခုနှစ် ဧပြီလအတွက် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၈.၉ ဘီလီယံရှိခဲ့ရာ ၁၆.၁ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၀၉.၄ ဘီလီယံရှိခဲ့ရာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂.၂၄ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ပို့ကုန်အပေါ် သိသိသာသာကျဆင်းစေနိုင်သည့် အမေရိကန်ကုန်သွယ်မှုမူဝါဒမှ သက်ရောက်မှုအလားအလာအပေါ် စိုးရိမ်မှုရှိနေသော်လည်း ပို့ကုန်တိုးတက်မှုသည် တသမတ်တည်းဖြစ်နေခြင်းမှာ ထိုင်းစီးပွားရေးသည် ကြံ့ခိုင်နေသည်ကို ပြသနေပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
ဧပြီလအတွင်း ထိုင်းနိုင်ငံ၏အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့ခဲ့မှုသည် ၂၃.၈ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သဖြင့် ၁၉ လဆက်တိုက်တိုးတက်မှုရှိခဲ့ပါကြောင်း၊ ပို့ကုန်တိုးတက်မှု ရာခိုင်နှုန်းမှာ တရုတ်သို့ ၃.၂ ရာခိုင်နှုန်း၊ အာဆီယံသို့ ၇.၈ ရာခိုင်နှုန်း၊ တောင်ဖရိကသို့ ၈.၇ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂသို့ ၆.၁ ရာခိုင် နှုန်းနှင့် ဂျပန်သို့ ၅.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အခြားသောနိုင်ငံများနှင့် အမေရိကန်၏ညှိနှိုင်းမှုများသည် အခွန်မျှတမှုသို့ရောက်ရှိပါက ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်မှုကိုလည်း ခိုင်မာစေမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့်ညှိနှိုင်းမှုသည် မှတ်သားဖွယ်ရာတိုးတက်မှုရှိပြီး ဆုံးဖြတ်ချက်သည် ဇူလိုင် ၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် ရက် ၉၀ အခွန်ကင်းလွတ်ခွင့်ကာလပြီးဆုံးမှသာ ထွက်ရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်မှုကိုတိုးမြှင့်စေမည့် ဥရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများသည် ယခုနှစ်အတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း၊ ပို့ကုန်သည် ထိုင်းနိုင်ငံအတွက် “သူရဲ ကောင်း” အဖြစ် ကျန်ရှိနေသေးပါကြောင်း၊ ကျန်လများအတွက် ၁ လလျှင် ပျမ်းမျှပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရှိပါက နှစ်စဉ်တိုးတက်မှုသည် ၄ ရာခိုင်နှုန်းဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်ထားပါသည်။
အမေရိကန်၏ရက် ၉၀ အခွန်ဆိုင်းငံ့ထားမှုကြောင့် တင်ပို့မှုများတိုးတက်ခဲ့ပါကြောင်း၊ ယခုကာလအတွင်း အမေရိကန်နှင့် အခြားသောနိုင်ငံများသို့ ပို့ကုန်သည် သိသိသာသာတိုးတက်မှုရှိခဲ့ပါကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားခဲ့သည်။
ပို့ကုန်တိုးတက်မှုသည် ဒုတိယ ၃ လပတ်အတွင်း ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားပါကြောင်း၊ အမေရိကန်သည် အခြားသောနိုင်ငံများနည်းတူ ထိုင်းနိုင်ငံအပေါ် အပြန်အလှန်အခွန်ကောက်ခံခဲ့မည်ဆိုပါက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု သည် နည်းနိုင်ပါကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာညှိနှိုင်းမှုများသည် ကုန်စည်တန်ဖိုးကိုမြင့်တက်စေပြီး ဈေးကွက်အသစ်များသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မှောင်ခိုမှုကို တိုက်ဖျက်ခြင်းနှင့် ကုန်စည်အရည်အသွေးနှင့် စံနှုန်းများနှင့်စပ်လျဉ်းသည့် လုပ်ထုံး လုပ်နည်းများ စသည့်ခုခံသည့် မဟာဗျူဟာများစွာကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)