International News

အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အာဆီယံစီးပွားရေးဝန်ကြီးများက ကတိပြုခဲ့

Last Updated:

အမေရိကန်က ကောက်ခံမည့်အခွန်ကြောင့် ကမ္ဘာ့မသေချာမှုများကြုံတွေ့နေရစဉ်တွင် အာဆီယံ၏အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရေးဆောင်ရွက်သွားရန် အာဆီယံစီးပွားရေးခေါင်းဆောင်များက ကတိပြုခဲ့ကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့မှ စီးပွားရေးဝန်ကြီးများသည် တယ်လီကွန်ဖရင့်ပုံစံဖြင့် တွေ့ဆုံခဲ့ကြကြောင်း၊ အာဆီယံအတွက် လိုအပ်ချက်နှင့် ကုန်သွယ်ရေးမိတ်ဖက်များအနေဖြင့် ခန့်မှန်းနိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ မျှတမှု၊ အားလုံးပါဝင်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဓိက နည်းလမ်းဖြစ်သော ရေရှည်တည်တံ့ခိုင်မြဲမှုကိုအခြေခံသည့် ၎င်းတို့၏ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အထောက်အကူပေးရန်ဖြစ်ကြောင်း၊ အာဆီယံနှင့် ၎င်း၏ ကုန်သွယ်ရေးမိတ်ဖက်များအကြား ပိုမိုလေးနက်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆက်ဆံရေးကို တောင်းဆိုခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် အာဆီယံတို့သည် ရှိပြီးဖြစ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များရှိ အကျိုးကျေးဇူးများကို မြှင့်တင်ခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုံးစုံစီးပွားရေးအပေါ် သက်ရောက်မှုကြောင့် စီးပွားရေးမသေချာမှုကို လျော့ပါးစေမည်ဖြစ်ကြောင်း၊ တရုတ်၊ အာဆီယံနှင့် ထိုင်းတို့သည် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို အဆင့်မြှင့်တင်လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်မှုသည် ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးချိတ်ဆက်မှုကဲ့သို့သော ထွန်းသစ်စကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရန်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျပန်နှင့်ဆွေးနွေးမှုတွင် ထိုင်းနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍတွင် ဂျပန်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုင်းနိုင်ငံကို ထုတ်လုပ်မှုအချက်အချာနှင့် ဂျပန်၏ထောက်ပံ့ရေးကွင်းဆက် ဖြစ်ရန်အဆိုပြုခဲ့ပါကြောင်း၊ အာဆီယံ၏ အဆင့် ၆ နှင့် အဆင့် ၁၀ ကုန်သွယ်ရေးမိတ်ဖက်များဖြစ်သော ဩစတြေးလျနှင့် နယူးဇီလန်တို့နှင့်စပ်လျဉ်း၍ စီးပွားရေးစက်ဝန်း(Circular Economy)၊ အစိမ်းရောင် စီးပွားရေး၊အပြာရောင်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်e-commerce တို့ကိုဦးစားပေးသည့် အာဆီယံ-ဩစတြေးလျ-နယူးဇီလန်လွတ်လပ်သောကုန်သွယ် ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်အကောင်အထည်ဖော်ရေးအတွက် သဘော တူညီခဲ့ပါကြောင်း ဝန်ကြီး Mr. Pichai က ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်သည် အာဆီယံ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၇၀.၉၄ ဘီလီယံရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့သကဲ့သို့ အာဆီယံ၏ကမ္ဘာ့ကုန်သွယ်မှုတွင် ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အာဆီယံသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၂၉၀.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး တရုတ်မှ အမေရိကန်ဒေါ်လာ ၄၈၀ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း၊ ဂျပန်သည် အာဆီယံ၏တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ပြီး ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၂၃၅.၁ ဘီလီယံရှိခဲ့ကြောင်း၊ ဩစတြေးလျနှင့် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၄.၄ ဘီလီယံ၊ နယူးဇီလန်နှင့် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News