ထိုင်းနိုင်ငံသည် အရည်အသွေးမြင့်ပြီး ထူးခြားသောဆန်အမျိုးအစားများကို မြှင့်တင်လျက်ရှိရာ ထိုင်းဆန်စပါးညီလာခံမှ အမှာစာတန်ချိန် ၁၀၀,၀၀၀ နှင့်ဝင်ငွေဘတ် ၂ ဘီလီယံရရှိနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားကြောင်း သိရှိရပါသည်။
၁၀ ကြိမ်မြောက်ထိုင်းစပါးညီလာခံ ၂၀၂၅ ကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဗန်ကောက်မြို့တွင် ကျင်းပခဲ့ရာ ဆန်စပါးနယ်ပယ်ကို မြှင့်တင်ရန် အစိုးရအနေဖြင့် ကတိကဝတ်ပြုပါကြောင်း၊ ဆန်စပါးထုတ်လုပ်မှုသည် ဝယ်လိုအားကို ပြည့်မီရန်နှင့် ဈေးကွက်အခွင့်အလမ်းသစ်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သော ဆန်အမျိုးအစားကို မြှင့်တင်သွားမည်ဖြစ်ပြီး အထူးသဖြင့် စပယ်ဆန်၊ အော်ဂဲန်းနစ်ဆန်၊ ကာဗွန်နည်းဆန်၊ ဒေသညွှန်ပြဆန်(Geographical Indication)၊ အထူးပြုဆန်(Speciality rice)နှင့် ဟာလာအစားအစာထုတ်ကုန်များဖြစ်ကြောင်း၊ ယင်းထုတ်ကုန်များအတွက် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းတို့မှ ဝယ်လိုအားအဆင့်ကို မြှင့်တင်သွားရန်ဖြစ်ကြောင်း၊ ညီလာခံသည် ထိုင်းဆန်တင်ပို့သူများနှင့်တင်သွင်းသူများအကြား ကုန်သွယ်မှုညှိနှိုင်းရေးများအတွက် ပလက် ဖောင်းတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့အဓိကဆန်တင်သွင်းသူများနှင့် ဆွေးနွေးမှုများမှတစ်ဆင့် အမှာစာတန်ချိန် ၁၀၀,၀၀၀ ကျော်လွန်နိုင်ပြီး ဘတ် ၂ ဘီလီယံဝင်ငွေရရှိရန်မျှော်မှန်းထားကြောင်း၊၂၀၂၅ ခုနှစ်အတွက် ဆန်ပို့ကုန်မျှော်မှန်းချက်ကို တန်ချိန် ၇.၅ သန်းတွင် ထိန်းထားပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
အမေရိကန်အပြန်အလှန်အခွန်များသည် ထိုင်းဆန်ပို့ကုန်အတွက် စိန်ခေါ်မှုမဖြစ်စေပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခုညီလာခံမှတစ်ဆင့် အမေရိကန်ဆန်တင်သွင်းသူများအား အာရှကို ရင်းမြစ်အဖြစ် စဉ်းစားတွေးခေါ်စေပါကြောင်း၊ အိန္ဒိယ၏ ဆန်ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာမှုအပေါ် စိုးရိမ်မှုရှိကြောင်း၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် တိုးတက်လျက်ရှိပြီး အိန္ဒိယသည် ဆန်တန်ချိန် ၁၄၀ သန်းဖြင့် မှတ်တမ်းသစ်ဝင်ခဲ့ပြီး နှစ် ၅၀ အတွင်း အကြီးဆုံးပမာဏဖြစ်ကြောင်း၊အင်ဒိုနီးရှားကဲ့သို့သောအဓိကဝယ်ယူသူများက ပိုလျှံမှုနှင့် ဝယ်လိုအား ကျဆင်းနေသောကြောင့် ယခုနှစ်အတွင်း မတင်သွင်းနိုင်ကြောင်း၊ ယင်းကဲ့သို့စိန်ခေါ်မှုများရှိနေသော်လည်း ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ဆန်ပို့ကုန်လျာထား ချက်တန်ချိန် ၇.၅ သန်းကို ပြည့်မီနိုင်ကြောင်း၊ အိန္ဒိယ၏ ဆန်ပို့ကုန်မူဝါဒများနှင့် ဘတ်ငွေခိုင်မာနေမှုကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Charoen Laothamatas က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုနှစ် ပထမ ၄ လအတွင်း ဆန်တန်ချိန် ၂.၄ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူပမာဏနှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဆန်ဖြူသည် တန်ချိန် ၉၈၆,၀၀၀ ဖြင့် ၅၁ ရာခိုင်နှုန်း၊ ဆန်ဖြူဆန်ကွဲသည် တန်ချိန် ၁၂၇,၀၀၀ ဖြင့် ၄၀ ရာခိုင်နှုန်း၊ ကောက်ညှင်းဆန်သည် တန်ချိန် ၈၈,၀၀၀ ဖြင့် ၁၅ ရာခိုင်နှုန်းနှင့် ရနံ့ပါဆန် Hom mali သည် တန်ချိန် ၅၉၀,၀၀၀ ဖြင့် ၃ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ကြောင်း၊ ရနံ့ပါဆန် Hom mali ဆန်ကွဲသည် တန်ချိန် ၁၈၂,၀၀၀ ဖြင့် ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပေါင်းဆန်သည် တန်ချိန် ၃၆၅,၀၀၀ ဖြင့် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)