International News

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်ခံစီးပွားရေးလုပ်ငန်းများအား နှိမ်နှင်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်ခံစီးပွား‌ရေးလုပ်ငန်းများအား စစ်ဆေးမှုလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့ သို့ ငွေကြေးခဝါချမှုအက်ဥပဒေ ၁၉၉၉ အား ပြန်လည်သုံးသပ်ခြင်းကို ၃ လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမည်ခံလုပ်ငန်းများနှင့် အရည်အသွေးနိမ့်ပစ္စည်းများ ကာကွယ်နှိမ်နှင်းခြင်းကို ကြီးကြပ်လျက်ရှိသည့်ကော်မတီအစည်းအဝေးတွင် ဝန်ကြီးက လွန်ခဲ့သော ၉ လ တာကာလအတွင်း အရည်အသွေးနိမ့်ပြီး တရားမဝင်ကုန်စည်ဆိုင်ရာအမှုတွဲ ၃၉,၁၈၆ ကိုအရေးယူနိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးသည် ဘတ် ၂.၀၇ ဘီလီယံရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ပစ္စည်းတန်ဖိုး ၁,၅၀၀ ဘတ်အောက်နည်းသော ပစ္စည်းများကို တန်ဖိုးမြှင့်ခွန်ကောက်ခံခဲ့ရာ ဘတ် ၁.၈ ဘီလီယံရရှိခဲ့ပြီး “notice and takedown” နည်းလမ်းဖြင့် အွန်လိုင်းပလက်ဖောင်းများမှ ကုန်ပစ္စည်း ၁၀,၃၇၈ မျိုးကို ဖယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးပြောင်းလဲလာမှုကြောင့် တရားမဝင်နှင့် တန်ဖိုးနည်းကုန်ပစ္စည်းများသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ပြီး ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက် စေပါကြောင်း၊ အမည်ခံလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှုတွဲ ၈၇၅ ခုကို တရားစွဲဆိုခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးဘတ် ၁၅.၃ ဘီလီယံဖြစ်ကြောင်း၊ စောင့်ကြည့်နေသည့်ကဏ္ဍများမှာ ခရီးသွား၊ အိမ်ခြံမြေ၊ ကုန်လမ်းသယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးမြေကုန်သွယ်မှုလုပ်ငန်းများဖြစ်ကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

မကြာသေးမီက ရရှိခဲ့သည့် အချက်အလက်များအရ ကုမ္ပဏီ ၄၆,၉၁၈ ခုသည် အမည်ခံလုပ်ငန်းဖြစ်နိုင်သည့် အလားအလာရှိကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် ပြည်နယ်အဆင့်လုပ်ငန်းအဖွဲ့များက ပြည့်စုံသောအချက်အလက်စစ်ဆေးမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများတွင် ဘဏ္ဍာငွေမူလရင်းမြစ်၊ လုပ်ငန်းများ၏လည်ပတ်မှုစွမ်းရည်နှင့် နိုင်ငံခြားလုပ်ငန်းများနှင့် ချိတ်ဆက်နေမှုတို့ကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဆုံးရှုံးနိုင်ချေမြင့်မားသည့်ကုမ္ပဏီများကို ၃ လအတွင်းပြီးစီးအောင် စစ်ဆေးသွားမည်ဖြစ်ပြီး စောင့်ကြည့်စာရင်းထဲမှ ကုမ္ပဏီများအတွက် အချိန်လိုအပ်သောကြောင့် ၃ လလျှင် တစ်ကြိမ်တိုးတက်မှုအခြေအနေကို အစီရင်ခံသွားမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုအက်ဥပဒေကို ပြင်ဆင်သည့်မူကြမ်းသည်လည်း ပြီးစီးလုနီးပါးဖြစ်နေပြီး နိုင်ငံခြားစီးပွား‌ရေးလုပ်ငန်းများအက် ဥပဒေတွင် မူဘောင်၊ အမည်ခံလုပ်ငန်းအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပြစ်ဒဏ်များကို ထောက်ခံချက်များအတိုင်း ပြင်ဆင်သွားရန်ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ဖြည့်စွက်ပြောကြားခဲ့သည်။ 

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News