International News

ငွေကြေးဖောင်းပွမှုမြင့်မားနေချိန်တွင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို မူလအတိုင်းထားရှိသော်လည်း အနာဂတ်တွင် အတိုးနှုန်းမြှင့်တင်ရန် ပိုမိုဖြစ်နိုင်ခြေရှိ

Last Updated:

အမေရိကန်ပြည်ထောင်စု၏ ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်ဖြစ်သည့် Kevin Warsh သည် ဇွန်လ ၁၇ ရက်တွင်ကျင်းပခဲ့သည့် ၎င်း၏ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ပထမဆုံးအကြိမ်အစည်းအဝေး၌ ဗဟိုဘဏ်၏ အတိုးနှုန်းကိုပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်းဆက်လက်ထားရှိခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးများတွင်ပါဝင်သည့် အရာရှိ ၁၉ ဦးအနက် ၉ ဦးက ယခုနှစ်ကုန်တွင် အနည်းဆုံးအတိုးနှုန်းတစ်ကြိမ်မြှင့်တင်ရန် ယာယီခန့်မှန်းထားကြောင်း၊ အတိုးနှုန်းမြင့်မားလာနိုင်သည့် အချက်ပြမှုများကြောင့် ငွေကြေးဈေးကွက်များကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် အနာဂတ်တွင်အတိုးနှုန်းတိုးမြှင့်ရန် အချက်ပြမှုများနှင့်စပ်လျဉ်းသည့် မေးမြန်းမှုများအပေါ် လမ်းညွှန်ချက်များအရသာဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး၊ လက်ရှိအတိုးနှုန်းကို ဆက်လက်ထိန်းသိမ်းရန်သာ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ကြကာ အတိုးနှုန်းတိုးမြှင့်ရန်ကိစ္စကို ထည့်သွင်းစဉ်စားခဲ့ခြင်းမရှိဟုဖြေကြားခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြိုတင်ခန့်မှန်းတွက်ဆနိုင်ရန်ပြောကြားမှုများကို ယခင်ကထက် လျှော့ချရန်ရည်ရွယ်ထားကြောင်း၊ ဗဟိုဘဏ်၏ အစည်း အဝေးပြီးတိုင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်ခြင်းမပြုတော့ဘဲ အရေးကြီးကိစ္စရပ်များပြောကြားရန်ရှိမှသာ သတင်း စာရှင်းလင်းပွဲဆောင်ရွက်ရန်ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးသုံးလပတ်စီးပွားရေးခန့်မှန်းချက်များတွင် ဗဟိုဘဏ်အရာရှိ ၉ ဦးက အနာဂတ်တွင် အတိုးနှုန်းတိုးမြှင့်ရန်အရိပ်အယောင်များပြခဲ့မှုကို ဖော်ပြထားသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌကမူ ၎င်းအနေဖြင့် ယင်းသို့ခန့်မှန်းထားခြင်းမရှိကြောင်းနှင့် တရားဝင်စာဖြင့် ထုတ်ပြန်ချက်များဖြင့် ပြောင်းလဲမှု များမပြုလုပ်မချင်းဆောင်ရွက်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေကို လေ့လာဆန်းစစ်အကဲဖြတ်ရန်အတွက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းလျက်ရှိကြောင်းနှင့် ယင်းအဖွဲ့များသည့် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်ငန်းစတင်ပြီး ယခုနှစ်ကုန်ပိုင်းခန့်တွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News