အမေရိကန်၏ မြေရှားသတ္တုဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသည့် ကန့်သတ်ချက်တစ်ရပ်ကို တရုတ်နိုင်ငံကထုတ်ပြန်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုများပြန်လည်ဖြစ်ပေါ်လာနိုင်ခြေကို တိုးမြင့်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံ ၏မြေရှားသတ္တုဆိုင်ရာကန့်သတ်ချက်အသစ်အရ အမေရိကန်၏မြေရှား သတ္တုလုပ်ငန်းပြန်လည်ဖြစ်ထွန်းရေးကို ဦးဆောင်နေသည့် အမေရိကန်ကုမ္ပဏီနှစ်ခုသို့ တရုတ်မှ မြေရှားသတ္တုအချို့တင်ပို့မှုကို တားမြစ်သွား မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပါကန့်သတ်ချက်အရ တားမြစ်ခံရသည့်သတ္တုများ သည် မော်တော်ကားများမှ စက်ဘက်သုံးဒရုန်းများ ထုတ်လုပ်မှုအထိ ကဏ္ဍအစုံတွင်အရေးပါသည့် သတ္တုများဖြစ်ကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ တောင်ကိုရီးယားနိုင်ငံ၌ တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံက လိုအပ်သည့် မြေရှားသတ္တုများပြန်လည်တင်ပို့ရန် သဘောတူခဲ့မှုကို အမေရိကန်သမ္မတထရမ့်က ပြောကြားခဲ့သော်လည်း တရုတ်အစိုးရတာဝန်ရှိသူများအနေဖြင့်မူ အဆိုပါသဘော တူညီချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း၊ ပြီးခဲ့သည့်လက ပေကျင်းမြို့တွင်ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင်လည်း မြေရှားသတ္တုကိစ္စနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုများမရှိခဲ့ကြောင်း The New York Times အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။
ယခင်ရက်သတ္တပတ်က ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော G7 ထိပ်သီးအစည်းအဝေး၌ ၂၀၃၀ ပြည့်နှစ်၌ မြေရှားသတ္တုတင်သွင်းရာတွင် နိုင်ငံတစ်နိုင်ငံတည်း အပေါ်မှီခို၍ ၆၀% ထက် ကျော်လွန်တင်သွင်းခြင်းမပြုရန် အဓိကစက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ ခေါင်းဆောင်များက သဘောတူညီခဲ့ကြကြောင်း၊ လက်ရှိတွင် ကမ္ဘာတစ်ဝန်းလိုအပ်သည့် ပေါ့ပါးမြေရှားသတ္တု၏ ၉၀% ခန့်ကို တရုတ်နိုင်ငံက ထောက်ပံ့ပေးလျက်ရှိသည့်အပြင် တရုတ်နိုင်ငံအနေဖြင့် လေးလံမြေရှားသတ္တုများ၏ ၉၈% ကျော်ကိုလည်း သန့်စင်ထုတ်လုပ်လျက်ရှိပြီး၊ အဆိုပါသတ္တုများသည် AI ကွန်ပျူ တာချစ်ပ်စ်များ၊ လေဆာစနစ်များနှင့် အဆင့်မြင့်နည်းပညာများအတွက် မရှိမဖြစ်လိုအပ်သည့်သတ္တုများဖြစ်ကာ တရုတ်နိုင်ငံအနေဖြင့် အဆိုပါလွှမ်းမိုးမှုကို ကုန်သွယ်ရေးလက်နက်အဖြစ် အသုံးပြုလာခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံက မြေရှားသတ္တုအမျိုးအစား(၇) မျိုးနှင့်၎င်းတို့ဖြင့်ပြုလုပ်ထားသည့် သံလိုက်များတင်ပို့မှုအပေါ် တင်းကျပ်သည့်ထိန်းချုပ်မှုများဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် ၎င်းပစ္စည်းများကို စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် နှစ်မျိုးသုံးကုန်စည်(Dual-use goods)များအဖြစ်သတ်မှတ်ခဲ့ကြောင်း၊ တရုတ်၏အဆိုပါကန့်သတ်ချက်များကြောင့် မော်တော်ကားထုတ်လုပ်မှု၊ စက်ရုပ်၊ စစ်လက်နက်နှင့် အခြားစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကို ထိခိုက်ခဲ့ရကြောင်း၊ ယခု ၂၂-၆-၂၀၂၆ ရက်တွင် တရုတ်နိုင်ငံ၏ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာဆောင်ရွက်ချက်အရအမေရိကန်ကုမ္ပဏီ (၁၀)ခုကို နောက်ထပ်နှစ်မျိုးသုံးကုန်စည်များဝယ်ယူခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီ(၁၀)ခုတွင် အမေရိကန်၏အကြီးဆုံးမြေရှားသတ္တုလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီနှစ်ခုဖြစ်သော MP Materials နှင့် USA Rare Earth တို့ပါဝင်ကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနအပါအဝင် အမေရိကန်အစိုးရအနေဖြင့် ပြည်တွင်းမြေရှားသတ္တုထုတ်လုပ်မှုစွမ်းအားကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အဆိုပါကုမ္ပဏီနှစ်ခုလုံးတွင် ဒေါ်လာသန်းရာချီရင်းနှီးမြှုပ်နှံထားကြောင်း၊ MP Materials ကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဓိကမြေရှားသတ္တုတွင်းကို ပိုင်ဆိုင်ထားပြီး မြေရှားသတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်အပြင် တက္ကဆက်ပြည်နယ်တွင်လည်း မြေရှားသတ္တုစက်ရုံများတည်ဆောက်လျက်ရှိကြောင်း၊USA Rare Earth ကုမ္ပဏီအနေဖြင့် ဥက္ကလာဟိုးမားပြည်နယ်တွင် သံလိုက်ထုတ်လုပ်ရေးပစ္စည်းကိရိယာများထုတ်လုပ်သည့်စက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး ပြည်တွင်းထောက်ပံ့မှုကွင်းဆက်တည်ဆောက်ရန်အတွက် ကုမ္ပဏီများ၊ လုပ်ငန်းများကိုဝယ်ယူမှုများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်၏ ကန့်သတ်ချက်အသစ်များကြောင့် အမေရိကန်သို့ အရေးပါသည့်မြေရှားသတ္တုများတင်ပို့မှုပိုမိုခက်ခဲလာကြောင်း၊တရုတ်အကောက် ခွန်ဌာန၏အချက်အလက်များအရ မြေရှားသတ္တုအုပ်စုဝင်ဖြစ်သည့် Dysprosium ကို အမေရိကန်သို့တင်ပို့ခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ရပ်ဆိုင်းခဲ့ပြီး အဆိုပါ Dysprosium သည် မော်တော်ကားစနစ်များစွာအတွက် လိုအပ်သည့်ပစ္စည်းဖြစ်ကြောင်း၊ ဖလော်ရီဒါပြည်နယ်ရှိ မြေရှားသတ္တုသံလိုက်ထုတ်လုပ်သူတစ်ဦးက သံလိုက်ထုတ်လုပ်သူများအတွက် Dysprosium ရရှိနိုင်မှုနည်းပါးပြီး မရှိသလောက်ဖြစ်နေကာ ၎င်း၏ကုမ္ပဏီအနေဖြင့် ဥရောပရှိ စွန့်ပစ်ပစ္စည်းပြန်လည်ထုတ်လုပ်သည့် စက်ရုံတစ်ခုမှ Dysprosium ကို ဝယ်ယူခဲ့ရသည်ဟုဆိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်နိုဝင်ဘာလတွင်လည်း မြေရှားသတ္တုများအပေါ် ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)