ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်ပူးပေါင်းဆောင်ရွက်မှုအသစ်များကို တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုအသစ်များမှာ DBS ဘဏ်ကို စင်ကာပူနိုင်ငံ၏ဒုတိယမြောက် Renminbi(RMB)ဖြင့် ချက်လက်မှတ်များ၊ ငွေပေးချေမှုများကို ဘဏ်အချင်းချင်းစာရင်းညှိနှိုင်းပြီး စာရင်းရှင်းလင်းပေးသည့်ဘဏ်(RMB Clearing Bank)အဖြစ် သတ်မှတ်ခြင်း၊ စင်ကာပူစတော့အိတ်ချိန်းတွင် တရုတ်စီးပွားရေးလုပ်ငန်းများကို ထပ်မံစာရင်းသွင်းခြင်း(secondary listing)၊ Bank of China နှင့် DBS ဘဏ်တို့မှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူနှင့် ရောင်းဝယ်သူအကြား တိုက်ရိုက်ဝယ်ယူရောင်းချနိုင်သည့် over-the-counter(OCT)ငွေချေးစာချုပ်ဈေးကွက်အစီအစဉ်နှင့် စင်ကာပူခရီးသွားများအတွက် e-CNY တို့ဖြစ်ပါသည်။
Industrial and Commercial Bank of China(ICBC)စင်ကာပူရုံးခွဲကို RMB Clearing Bank အဖြစ် ၂၀၁၃ ခုနှစ်က သတ်မှတ်ခဲ့ပါသည်။ စင်ကာပူနိုင်ငံရှိ DBS ဘဏ်ကို ဒုတိယမြောက် RMB Clearing Bank အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံရှိ RMB ဈေးကွက်တိုးတက်မှုကိုအထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ထို့အပြင် ကုန်သွယ်မှု၊ရင်းနှီး မြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများတွင် RMB အသုံး ပြုမှုကို အဆင်ပြေချောမွေ့စေမည်ဖြစ်ပါသည်။
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် တရုတ်ငွေချေးသက်သေခံလက်မှတ်များစည်းမျဉ်းကော်မရှင်(China Securities Regulatory Commission-CSRC) တို့က တရုတ်စီးပွားရေးလုပ်ငန်းကြီးများကို စင်ကာပူနိုင်ငံတွင် ထပ်မံစာရင်းသွင်းကုမ္ပဏီဖြစ်စေရေး(secondary listing)ပံ့ပိုးပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရုတ်စီးပွားရေးလုပ်ငန်းကြီးများအတွက် နိုင်ငံတကာငွေကြေးအရင်းအနှီး များရရှိနိုင်မည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေးချဲ့ထွင်မှုအတွက် ငွေကြေးရရှိနိုင်မှုနည်းလမ်းဖြစ်ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် CSRC တို့သည် Shenzhen Stock Exchange နှင့် Shanghai Stock Exchange ရှိကုမ္ပဏီများ၏ အလားအလာညွှန်းတမ်း(prospectus) အတွက် သတ်မှတ်ချက်များအပါအဝင် စတော့အိတ်ချိန်းတွင် ထပ်မံစာရင်းသွင်းမူဘောင်(secondary listing framework)၏ အကျုံးဝင်မှုကို ပိုမိုကျယ်ပြန့်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Bank of China နှင့် DBS ဘဏ်တို့မှတစ်ဆင့် over-the-counter (OCT)ငွေချေးစာချုပ်ဈေးကွက်အစီအစဉ်ကြောင့် စင်ကာပူနိုင်ငံရှိ အသိ အမှတ်ပြုဘဏ်များသည် China Interbank Bond Market တွင် ရင်းနှီးမြှုပ်နှံသူများအတွက် fixed income product များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရာ၌ စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေမည်ဖြစ်ပါသည်။ စင်ကာပူခရီးသွားများအနေဖြင့် တရုတ်နိုင်ငံတွင် ငွေပေးချေမှုများအတွက် e-CNY wallet ဖွင့်ခြင်းနှင့် ငွေဖြည့်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငွေပေးချေမှုပိုမိုလွယ်ကူစေမည်ဖြစ်ပါသည်။
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် Multi-Jurisdiction Common Ground Taxonomy(M-CGT)ကို အဆင့်မြှင့်တင်မည်ဖြစ်ပါသည်။ CSRC တို့သည် တရုတ်-စင်ကာပူဆိုင်ရာစတော့အိတ်ချိန်း ကုန်သွယ်မှုလုပ်နိုင်သည့် စတော့များ၊ ငွေချေးစာချုပ်များ(China-Singapore Exchange Traded Fund Product)ချိတ်ဆက်မှုအရ EFT Product များ ပိုမိုများပြားလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့သည် China-Singapore (Chongqing) Demonstration Initiative on Strategic Connectivity အရ အဆင့်မြှင့်တင်ထားသည့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို အတည်ပြုခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် တရုတ်နိုင်ငံမြောက်ပိုင်းဒေသ၊ စင်ကာပူနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရန် ဘဏ္ဍာရေးဆိုင်ရာနည်းပညာတီထွင်ဆန်းသစ်မှု၊ သဘာဝပတ်ဝန်းကျင်အတွက် ထောက်ပံ့ပေးသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ(green finance)၊ ရင်းနှီးမြှုပ်နှံမှုများ၊ နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ Monetary Authority of Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)