ထိုင်းနိုင်ငံ၌ လွှတ်တော်ဖျက်သိမ်းခြင်းသည် အဓိကစီးပွားရေးမူဝါဒများအကောင်အထည်ဖော်မှုကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ကုန်သွယ် ရေးအသင်းအဖွဲ့များက ပြောကြားကြပြီး တရားဥပဒေဘောင်အတွင်း၌ အခွင့်အာဏာအပြည့်ရှိသော အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Fears over impact on economic policy” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ပုဂ္ဂလိကကဏ္ဍသည် မူဝါဒစဉ်ဆက်မပြတ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် စိုးရိမ်မိကြောင်း၊ စီးပွားရေးပြန်လည်ဦးမော့လာချိန်တွင် ပါလီမန်ကို ဖျက်သိမ်းလိုက်ခြင်းသည် အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောင်ရွက်နေဆဲဖြစ်သည့် လှုံ့ဆော်မှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် စီးပွားရေးမူဝါဒများ၌ တည်ငြိမ်မှုနှင့်စပ်လျဉ်း ၍ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေပါကြောင်း၊ နိုင်ငံရေးမသေချာမရေရာမှုများသည် ရင်းနှီးမြုပ်နှံသူများ၏ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး အထူးသဖြင့် အကြီးစားစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်အသစ်များကို နှောင့်နှေးစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသောဘတ်ဂျက်ခွဲဝေမှုများကို အိမ်စောင့်အစိုးရလက်ထက်တွင်ရွှေ့ဆိုင်း နိုင်ကြောင်း Thai National Shippers' Council (TNSC) ၏ဥက္ကဋ္ဌ Dhanakorn Kasetrsuwan က ပြောကြားခဲ့ပါသည်။
စီးပွားရေးကဏ္ဍသည် မသေချာမရေရာမှုများကို လျော့ပါးသက်သာစေရန် အစိုးရထံမှ မူဝါဒတည်ငြိမ်မှုနှင့် ပြတ်သားသောဆက်သွယ်မှုလိုအပ်ပါကြောင်း၊ လက်ရှိအမေရိကန်အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းမှုများနှင့်ပတ်သက်၍ အိမ်စောင့်အစိုးရသည် မူဝါဒအသစ်များကို မြှင့်တင်ခြင်း သို့မဟုတ် ရှိပြီးသားမူဝါဒများကို ပြင်ဆင်ခြင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ကို ကောင်စီအနေဖြင့် စိုးရိမ်ပါကြောင်း၊ အထူးသဖြင့် အခွန်အကောက်များနှင့် စျေးကွက်ဝင်ရောက်မှုဆိုင်ရာသိသာထင်ရှားသောကုန်သွယ်ရေးညှိနှိုင်းမှုများတွင် နှောင့်နှေးမှုများဖြစ်စေနိုင်ကြောင်း၊ နှောင့်နှေးမှုများသည် ပြည်ပပို့ကုန်များ၏ ကုန်ကျစရိတ်များနှင့် မြင့်မား သောထောက်ပံ့ပို့ဆောင်ရေးစရိတ်များမှ စရိတ်စကများမြင့်တက်လာခြင်းနှင့်ရင်ဆိုင်နေရသော ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို တိုက်ရိုက်ထိခိုက်စေပါကြောင်း Mr. Dhanakorn က ဖြည့်စွက်ပြောကြားခဲ့သည်။
ဤအသွင်ကူးပြောင်းရေးကာလတွင် မူဝါဒကွာဟချက်များကို ရှောင်ရှားရန် ဥပဒေဘောင်အတွင်း အရေးတကြီးလုပ်ဆောင်ရမည့်တာဝန်များကို ဆက်လက်လုပ်ဆောင်ရန် အစိုးရအဖွဲ့အစည်းများအား တောင်းဆိုထားကြောင်း၊ နယ်စပ်အရေးအခင်းများသည် တရားဝင်အချိန်အတွင်း ရွေးကောက်ပွဲမဖြစ်ပွားစေရန် တားဆီးပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုသည် အနာဂတ်အစိုးရဦးတည်ချက်နှင့် စီးပွားရေးပေါ်လစီအပေါ် မသေချာမရေရာမှုများကြီးထွားလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ များ၏ ယုံကြည်မှုကျဆင်းသွားနိုင်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းများ၊အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများနှင့်ပို့ကုန် နှင့်ပတ်သက်သည့် အနှောင့်အယှက်များ သိသိသာသာကြုံတွေ့နေရသဖြင့် ပြည်တွင်းနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးစေခြင်း သို့မဟုတ် အကန့်အသတ်မရှိ ရွှေ့ဆိုင်းနိုင်ကြောင်း၊ ဘတ်ငွေအပေါ် သက်ရောက်မှုနှင့် ပုဂ္ဂလိကကဏ္ဍအတွက် ကုန်ကျစရိတ်များ မြင့်တက်လာ နိုင်သည့် ငွေကြေးဈေးကွက်များ မတည်ငြိမ်နေစဉ်တွင် အမှာစာများသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့ ပိုမိုတည်ငြိမ်သောပြိုင်ဖက်နိုင်ငံများသို့ ကူးပြောင်းသွားနိုင်ကြောင်း Mr. Dhanakorn က သုံးသပ် ထားပါသည်။
ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးအခြေအနေများ မတည်ငြိမ်မှုများ မြင့်မားနေသည့်ကြားတွင် လွှတ်တော်ဖျက်သိမ်းခံရခြင်း၏ နောက်ကွယ်တွင် နိုင်ငံရေးလိုအပ်ချက်ကို နားလည်ကြောင်း၊ လက်ရှိ ပထဝီဝင်နိုင်ငံ ရေးပဋိပက္ခများ၊ နယ်နိမိတ်အငြင်းပွားမှုများနှင့် ကမ္ဘာ့စီးပွားရေးအန္တရာယ်များသည် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို သိသိသာသာသက်ရောက်မှုရှိကြောင်း၊ အခွင့်အာဏာအပြည့်ရှိသော အစိုးရသစ်တစ်ရပ်ထူထောင်ရန် ဥပဒေဘောင်အတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်တောင်းဆိုလိုကြောင်း၊ သိသာထင်ရှားသော ဥပဒေများစွာနှင့် နိုင်ငံတကာကုန်သွယ်မှုညှိနှိုင်းရေးမူဘောင်များသည် လွှတ်တော်၏ထည့်သွင်းစဉ်းစားမှုနှင့် အတည်ပြုမှုကို ဆိုင်းငံ့ထားကြောင်း၊ အမေရိကန်နှင့် အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းမှုများအပါအဝင် EU ကဲ့သို့သောမိတ်ဖက်များနှင့် လွတ်လပ်စွာကုန်သွယ်မှုဆွေးနွေးပွဲများအပါအဝင် အဓိကဖြေရှင်းရမည့်ကိစ္စရပ်များရှိနေပြီး ယင်းနှစ်ခုစလုံးသည် နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အရေးကြီးပါကြောင်း၊ အိမ်စောင့်အစိုးရသည် ယခင်အစိုးရအဖွဲ့မှ အတည်ပြုထားသော လက်ရှိမူဝါဒများနှင့် အစီအမံများကို အကောင်အထည်ဖော်ရန် ဥပဒေအတိုင်းလုပ်ဆောင်နိုင်စွမ်းရှိကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Poj Aramwattananont က ပြောကြားခဲ့သည်။
ယင်းအစီအမံများတွင် ရေလွှမ်းမိုးမှုဒဏ်ခံရသော တောင်ပိုင်းပြည်နယ်များရှိ ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလှုံ့ဆော်မှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ကယ်ဆယ်ရေးအစီအစဉ်များနှင့် နယ်စပ်ဒေသအခြေအနေများအတွက် စီမံခန့်ခွဲမှုဗျူဟာများ ပါဝင်ပါကြောင်း၊ လက်ရှိ အကန့်အသတ်များရှိနေသော်လည်း အိမ်စောင့်အစိုးရ၊ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍများသည် ရွေးကောက်ပွဲအသစ်နှင့် အစိုးရသစ်ဖွဲ့စည်းရေးတွင် စီးပွားရေးအားကောင်းစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Poj က ဖြည့်စွက်ပြောကြားခဲ့သည်။
လွှတ်တော်ဖျက်သိမ်းပြီးနောက်ပိုင်း လက်ရှိဖြစ်ပေါ်နေသောအမေရိကန် အခွန်အကောက်ဆိုင်ရာ ညှိနှိုင်းမှုတွင် အစိုးရ၏ ဆောင်ရွက်နေသည့်အခြေအနေကို ရှင်းလင်းရန် ဝန်ကြီးဌာန၏ ဥပဒေရေးရာအဖွဲ့သည် နိုင်ငံတော်ကောင်စီရုံး(OCS)နှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနသည် OCS ၏အကြံပြုချက်များကို လက်ခံရရှိသည်နှင့်တစ်ပြိုင် နက် အများပြည်သူအား အသိပေးမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆိုင်းငံ့ထားသော အစိုးရနှင့် အစိုးရအကြား ဆန်တန်ချိန် ၂၈၀,၀၀၀ ကို လက်ရှိလမ်းညွှန်ချက်များနှင့်အညီ တင်ပို့သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ထပ်မံရောင်းချရန် စီစဉ်ထားသည့် ဆန်တန်ချိန် ၂၂၀,၀၀၀ အတွက် OCS ထံမှ အကြံပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)