အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့အခြေစိုက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund–IMF)သည် အမေရိကန်မှ ချမှတ်ခဲ့သည့် အခွန်နှုန်းထားသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွက်ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအား လျော့နည်း ခန့်မှန်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မူလက ၅.၅% မှ ၆.၅% ထိခန့်မှန်းထားရှိခဲ့သော်လည်း ၅.၁% ခန့်ထိသာ ရရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။
ဂျာမနီအခြေစိုက် Deutsche Bank မှလည်း ဖိလစ်ပိုင်အစိုးရဌာနများအပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် အကျင့်ပျက်ခြစားမှုပြသနာများနှင့် အခွန်နှုန်းထားအသစ်ကြောင့် ပို့ကုန်ကဏ္ဍအားနည်းလာခြင်းတို့ကြောင့် အစိုးရ၏ဘဏ္ဍာရေးမူဝါဒအပိုင်းတွင်လည်း အကြပ်အတည်းများဖြစ်ပေါ်လျက်ရှိပါကြောင်း ၁၂-၁၂-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
ဖိလစ်ပိုင်ဗဟိုဘဏ်မှလည်း အတိုးနှုန်းများကို လျှော့ချခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ၏စီးပွားရေးမသေချာမရေရာမှုမှာ အမြင့်ဆုံးဒီဂရီတွင် ဆက်လက်တည်ရှိနေပါကြောင်း၊ ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်ရှိအတိုးနှုန်း ၄.၅% မှ ထပ်မံလျှော့ချသွားရန် ခန့်မှန်းထားရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၆% ထိ တိုးမြင့်နိုင်သည့် အလားအလာရှိသော်လည်း တစ်ဖက်တွင်အနုတ်လက္ခဏာဆောင်သည့် ကွာဟချက်မှလာလည်း ဆက်လက်ကြီးထွားလျက်ရှိသဖြင့် ဖိလစ်ပိုင်ဗဟိုဘဏ်အနေဖြင့်လည်း ရှေ့လာမည့်ကာလများတွင်ချမှတ်သွားမည့် ငွေကြေးမူဝါဒအတွက် စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မူလက ခန့်မှန်းထားသည့် ၁.၆% မှ ၁.၇% ထိအနည်းငယ်မြင့်တက်ခဲ့ပါကြောင်း၊ ၂% မှ ၄% ကြားအောက်တွင်သာရှိနေဆဲဖြစ်သဖြင့် အစိုးရအနေဖြင့် ထိန်းချုပ်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းရှိနေသေးသည့်အခြေအနေတွင်ရှိနေဆဲဖြစ်ပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့မှ ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၆ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို ၂.၈% ထိခန့်မှန်းထားရှိပြီး အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပါသည်။
Source: https://mb.com.ph/2025/12/15/imf-lowers-growth-forecast-anew-as-tariffs-weak-gdp-bite
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)