၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပငွေလွှဲဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၃.၁၇ ဘီလီယံဖြင့် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ခရစ္စမတ်ကာလအတွင်း မိသားစုများမှ သုံးစွဲရန် ပြည်ပရောက်ဖိလစ်ပိုင်နိုင်ငံသားများက လွှဲပို့ကြခြင်းဖြစ်ပါသည်။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ စုစုပေါင်းပြည်ပငွေလွှဲဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၂၉.၂ ဘီလီယံခန့်ထိရှိပြီး ၂၀၂၄ ခုနှစ်၊ အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၃.၂% မြင့်တက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ တတိယ ၃ လပတ်အတွင်း ပြည်ပငွေလွှဲဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံခန့်ထိမြင့်တက်နိုင်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ်မှ ခန့်မှန်းထားရှိပြီး ၂၀၂၆ ခုနှစ်၊ အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃၆.၆ ဘီလီယထိ ဆက်လက်မြင့်တက်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။
အောက်တိုဘာလကုန်ထိ ငွေလွှဲဝင်ရောက်မှုစုစုပေါင်းအနက် အမေရိကန်နိုင်ငံမှ လွှဲပို့မှုမှာ ၄၀.၃ %၊ စင်ကာပူ ၇.၂%၊ ဆော်ဒီအာရေဗျ ၆.၄%၊ ဂျပန် ၄.၉%၊ ယူကေ ၄.၇% အသီးသီးရှိပါသည်။ ငွေလွှဲပေးပို့ရာတွင် ကြားခံဘဏ်များအဖြစ် အမေရိကန်အခြေစိုက်ဘဏ်များနှင့် မိတ်ဖက်ဘဏ်၊ အဆက်အသွယ်ဘဏ်ထူထောင်ထားရှိသည့်ဘဏ်များမှတစ်ဆင့် လွှဲပို့ကြခြင်းဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာငွေလွှဲပြောင်းပေးပို့မှု(Personal Remittances)မှာလည်း အောက်တိုဘာလအတွင်း ၃% ထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံထိရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လက်ရှိကောက်ခံရရှိထားသည့် အချက်အလက်များအရ ပြည်ပငွေလွှဲဝင်ရောက်မှုမှာ ၃.၂% ထိမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂.၄၉ ဘီလီယံထိဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလက အမေရိကန်ဒေါ်လာ ၃၁.၄၉ ဘီလီယံသာရရှိခဲ့ခြင်းဖြစ်ပါသည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လ အနက် အောက်တိုဘာလတွင် အများဆုံးဝင်ရောက်ရခြင်းမှာ ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်အကြိုကာလများတွင်သုံးစွဲနိုင်ရန် ပြည်ပရောက်ဖိလစ်ပိုင်အလုပ်သမားများမှ မိသားစုထံလွှဲပို့ကြခြင်းကြောင့်ဖြစ်ပါသည်။
ထို့အတွက် ပီဆိုငွေကြေးတန်ဖိုးလျော့ကျခဲ့ပြီး အောက်တိုဘာလတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကာ အမေရိကန်တစ်ဒေါ်လာလျှင် ပီဆို ၅၉.၁၃ သို့ရောက်ရှိခဲ့ပါသည်။ ပုဂ္ဂလိကသုံးစွဲမှု(Private Consumption) ကို လှုံ့ဆော်ပေးလျက်ရှိနေခြင်းသည် အကြောင်းအရင်းတစ်ချက်ဖြစ်စေပြီး အခြားသောအစိုးရဌာနများကြား ဖြစ်ပေါ်လျက်ရှိသည့်အကျင့်ပျက်ခြစာမှုပြသနာများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကျဆင်းခဲ့ခြင်း၊ ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များ လျော့ကျခဲ့ခြင်းတို့သည်လည်း အပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ပငွေလွှဲများသည် အိမ်ထောင်စုများ၏ ဘတ်ဂျက်သုံးစွဲမှုအတွက် ရေတိုအဆင်ပြေစေနိုင်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းနှင့်အတိုးနှုန်းများကို ဖြေလျော့ပေးနိုင်ရန် အထောက်အပံ့ ဖြစ်စေပါကြောင်း၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အီလက်ထရောနစ် လက်လီ အရောင်းဆိုင်များကဲ့သို့သော လုပ်ငန်းများ၏ အရောင်းပမာဏကိုလည်း တိုးမြင့်စေပါကြောင်း ဖော်ပြပါရှိပါသည်။
Source: https://mb.com.ph/2025/12/15/adb-adds-29-billion-to-asialinks-credit-line-for-msme-push
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)