International News

တရုတ်နိုင်ငံသည် EU နို့ထွက်ပစ္စည်းတင်သွင်းမှုအပေါ် ယာယီထောက်ပံ့ကြေးဆန့်ကျင်ရေးအစီအမံများ ချမှတ်

Last Updated:

တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ(EU)မှ တင်သွင်းလာသော နို့ထွက်ပစ္စည်းအချို့အပေါ် (၂၃-၁၂-၂၀၂၅)ရက်နေ့မှစတင်၍ ယာယီထောက်ပံ့ ကြေးဆန့်ကျင်ရေးအစီအမံများ ချမှတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(China's Ministry of Commerce)က ကြေညာခဲ့သည်။

အဆိုပါအစီအမံများသည် ယာယီတန်ပြန်အခွန်ငွေသွင်းခြင်း (temporary countervailing duty deposits) ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

EU မှ တင်သွင်းသောနို့ထွက်ပစ္စည်းများသည် ထောက်ပံ့ကြေးများရရှိကြောင်း ကနဦးအထောက်အထားများအရ သိရှိရပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းနို့ထွက်ပစ္စည်းလုပ်ငန်းသည် ပြင်းထန်စွာထိခိုက်မှုရှိခဲ့သဖြင့် အဆိုပါထောက်ပံ့ကြေးများနှင့် ထိခိုက်မှုကြား အကြောင်းရင်းဆက်နွယ်မှုရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နို့ထွက်ပစ္စည်းဆိုင်ရာအသင်း(Dairy Association of China)နှင့် တရုတ်နို့ထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း(China Dairy Industry Association)တို့၏ လျှောက်ထားချက်များအရ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရလည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏စည်းမျဉ်းများနှင့်အညီလည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/1223/c90000-20405581.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News