International News

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော(genome editing) ဆန်မျိုးစိတ်အသစ်နှစ်မျိုးကို ထုတ်ပြန်

Last Updated:

အိန္ဒိယနိုင်ငံသည် အရေးပါသောဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ် ယခုလ ၄ ရက် (တနင်္ဂနွေနေ့)တွင် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော(genome editing)ဆန်မျိုးစိတ်အသစ်နှစ်မျိုးကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါမျိုးစိတ်များသည် တစ်ဟက်တာလျှင် ထွက်နှုန်းကို ၃၀ ရာခိုင်နှုန်း အထိတိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး၊ လက်ရှိမျိုးစိတ်များနှင့်နှိုင်းယှဉ်ပါက ရင့်မှည့်ရန် ၁၅ မှ ၂၀ ရက်ခန့် လျော့နည်းနိုင်ကြောင်း မျှော်မှန်းထားသည်။

'Kamala-DRR Dhan-100' နှင့် 'Pusa DST Rice 1' ဟုအမည်ပေးထားသည့် အဆိုပါဆန်မျိုးစိတ်များသည် ရေကို ပိုမိုသက်သာစွာအသုံးပြုနိုင်မည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်သို့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာတွင်လည်း အထောက်အကူပြုမှာဖြစ်ပါတယ်" ဟု ဗဟိုစိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ပြောကြားခဲ့သည်။

လယ်သမားများထံသို့ အဆိုပါမျိုးစိတ်များရောက်ရှိရန် မျိုးစေ့ထုတ်လုပ်မှု၏ပုံမှန်လုပ်ငန်းစဉ်များ(ဥပမာ-မျိုးစေ့ထုတ်လုပ်ခြင်း၊ အခြေခံမျိုးစေ့နှင့် အသိအမှတ်ပြုမျိုးစေ့)ပြီးမြောက်ပြီးနောက် အနည်းဆုံး ၄ နှစ်မှ ၅ နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေဖြင့် ဤလုပ်ငန်းစဉ်ကို မြန်ဆန်စေရန်လည်း ကြိုးစားနေပါ သည်၊ သို့မှသာ လယ်သမားများသည် အထွက်နှုန်းမြင့်မားသော မျိုးစိတ်များ၏ အကျိုးကျေးဇူးကို မြန်မြန်ဆန်ဆန် ရရှိနိုင်မှာဖြစ်ပါတယ်" ဟု Chouhan က ပြောကြားခဲ့သည်။ဗီဇပြုပြင်ထားသော(genetically-modified)သီးနှံများနှင့် ဗီဇပြင်ဆင် ထားသော(gene-edited)သီးနှံများကြား အခြေခံကျသောကွာခြားချက်မှာ ဗီဇပြုပြင်ထားသော သီးနှံများတွင် နောက်ဆုံးထွက်ကုန်(ဥပမာ-BT ဝါဂွမ်း)တွင် နိုင်ငံခြားဗီဇများပါဝင်သော်လည်း၊ ဗီဇပြင်ဆင်ထားသောအပင်များတွင် နိုင်ငံခြားဗီဇများမပါဝင်ခြင်းဖြစ်ကြောင်း သိရ သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က အိန္ဒိယနိုင်ငံသည် SDN1 နှင့် SDN2 ဗီဇပြင်ဆင်ထားသောအပင်များကို ပတ်ဝန်းကျင်ကာကွယ်ရေးအက်ဥပဒေ(EPA)၏စည်းမျဉ်း ၇ မှ ၁၁ အထိမှ ကင်းလွတ်ခွင့်ပေးခဲ့ပြီး၊ ၁၉၈၉ ခုနှစ်-အန္တရာယ်ရှိသောမိုက်ခရိုအော်ဂဲနစ်ဇင်များ သို့မဟုတ် ဗီဇပြုပြင်ထားသောအော်ဂဲနစ်ဇင်များ သို့မဟုတ် ဆဲလ်များ၏ထုတ်လုပ်မှု၊အသုံးပြုမှု၊တင်သွင်းမှု၊ တင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ စည်းမျဉ်း များမှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် ဗီဇအင်ဂျင်နီယာဆိုင်ရာ အကဲဖြတ်ရေးကော်မတီ(GEAC)၏စည်းမျဉ်းများ၏ လွှမ်းမိုးမှုမှ ကင်းလွတ်သွားခဲ့ကြောင်း သိရသည်။

SDN 1၊ SDN 2 နှင့် SDN 3 တို့သည် သီးနှံများတွင် ဗီဇပြင်ဆင်ခြင်း၏ နည်းလမ်းသုံးမျိုးဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့ကထုတ်ပြန်ခဲ့သော ဆန်မျိုးစိတ်အသစ်များသည်လည်း အဆိုပါဗီဇပြင်ဆင်ခြင်းနည်းလမ်းများကို အသုံးပြုထားကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုအစိုးရသည် စိုက်ပျိုးရေးသီးနှံများတွင် ဗီဇပြင်ဆင်ခြင်းအတွက် ရူပီး ၅၀၀ ကုဋေခန့်ရန်ပုံငွေသတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ဗီဇပြင်ပြင်ခြင်းသည် ဗီဇပြောင်းလဲခြင်းနှင့်နှိုင်းယှဉ်ပါက နယ်ပယ်သစ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။

Source: The Business Standard, India releases genome-edited rice varieties to boost yields by up to 30%, May 4, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News