International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဒူဘိုင်း - မာဒါဂတ်စကာစီးပွားရေးဖိုရမ်ကို စီစဉ်ဆောင်ရွက်

Last Updated:

ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ၎င်း၏ရုံးချုပ်တွင် မာဒါဂတ်စကာနိုင်ငံသားကုမ္ပဏီပေါင်း ၆၀ တို့၏အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပွဲတစ်ရပ်အား ၂၇.၅.၂၀၂၅ တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဒူဘိုင်းပြည်နယ်နှင့် မာဒါဂတ်စကာနိုင်ငံတို့အကြား စီးပွားရေးဆက်ဆံရေးခိုင်မာစေရေးအတွက် အဓိကခြေလှမ်းသစ်တစ်ရပ်ကို ပြသလိုက်ပါသည်။

ဒူဘိုင်း-မာဒါဂတ်စကာစီးပွားရေးဖိုရမ်တွင် နှစ်ဖက်စလုံးမှထိပ်တန်းအစိုးရအရာရှိများ၊ ဝန်ကြီးများနှင့် စီးပွားရေးဦးဆောင်သူများတို့စုစည်းပါဝင်ပြီး အဆိုပါဖိုရမ်ကိုမာဒါဂတ်စကာနိုင်ငံသမ္မတ Andry Rajoelina တက်ရောက်ခဲ့ကာ အဓိကကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည့် ၎င်းတို့နိုင်ငံ၏ခိုင်မာသောစိတ်ပါဝင်စားမှုအပေါ်ဖော်ပြခဲ့ပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်းနာယက Sultan bin Saeed Al Mansoori က အသင်းဥက္ကှဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah နှင့် ဒူဘိုင်း၏ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များတို့နှင့်အတူ အဆိုပါကိုယ်စား လှယ်အဖွဲ့အား ကြိုဆိုခဲ့ကြပါသည်။Al Mansoori က ၂၀၂၄ ခုနှစ်အတွင်းစျေးကွက် နှစ်ခုကြား ရေနံမဟုတ်သောကုန်သွယ်မှုပမာဏမှာ ၉၀ % အထိ တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကကုန်သွယ်မှုပမာဏ AED ၆၉၂ သန်းမှ AED ၁.၃ ဘီလီယံအထိ ခုန်တက်လာခဲ့ကြောင်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

အနာဂတ်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးတိုးတက်မှုတို့အတွက် အဓိက အထောက်အကူအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက အန်တာနာနာရီဗိုမြို့တော်သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲခဲ့သည့် Emirates လေကြောင်းလိုင်း၏လေကြောင်းခရီးစဉ်ပျံသန်းမှုကိုလည်း ၎င်းကထောက်ပြခဲ့ပါသည်။

သမ္မတ Rajoelina ကဒူဘိုင်း၏ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရပ်တည်မှုကိုချီးကျူးခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ နည်းပညာနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုစသည့်ကဏ္ဍများတွင် ဆက်ဆံရေးကိုတိုးမြှင့်သွားမည့် မာဒါဂတ်စကာ ၏ကတိကဝတ်ကို ၎င်း၏မိန့်ခွန်းတွင် ထပ်လောင်းပြောကြားခဲ့ပါသည်။

Lootahက ဒူဘိုင်းရှိရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၏အသေးစိတ်ခြုံငုံသုံးသပ်ချက် များကို ဖော်ပြခဲ့ပြီး၊ မာဒါဂတ်စကာကုမ္ပဏီများမှ ပြည်နယ်၏မတူကွဲပြားပြီး လျင်မြန်စွာကြီးထွားလျက်ရှိသော စီးပွားရေးအခင်းအကျင်းများကို စူးစမ်းလေ့လာရန် တိုက်တွန်းအားပေးပြောကြားခဲ့ပါသည်။

အဆိုပါဖိုရမ်သည် ရေရှည်တည်တံ့သောစီးပွားရေးမိတ်ဖက်များကို မောင်းနှင်သွားရန်နှင့် စီးပွားရေးအသိုင်းအဝိုင်းနှစ်ခုတို့အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ပေးရန်အပေါ် မျှဝေသောကတိကဝတ်ကို အလေး ပေးထားခြင်းဖြစ်ကြောင်း သတင်းဖော်ပြပါရှိပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News