အမေရိကန်၊ မက္ကဆီကိုနှင့်ကနေဒါတို့အကြား လွတ်လပ်သောကုန်သွယ် ရေးသဘောတူညီချက်ဖြစ်သည့် အမေရိကန်-မက္ကဆီကို-ကနေဒါကုန်သွယ်ရေးသဘောတူညီချက်(United States-Mexico-Canada Agreement-USMCA)ကိုသက်တမ်းတိုးရန် ဆောင်ရွက်နေသော လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သက်တမ်းတိုးရန်မသေချာကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်အနေဖြင့် ၎င်း၏ ထိပ်တန်းကုန်သွယ်ဘက်နှစ်နိုင်ငံဖြစ်သည့် ကနေဒါ (သို့မဟုတ်) မက္ကဆီကို လိုအပ်ခြင်းမရှိသည့်အခြေအနေကို ထပ်မံပြောကြားခဲ့ကြောင်း၊ သုံးနိုင်ငံသဘောတူညီချက်သည် နှစ်စဉ်ကုန်သွယ်မှုအမေရိကန်ဒေါ်လာ ၂ ထရီလီယံရရှိရန် အခိုင်အမာထောက်ပံ့ပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကဏ္ဍများစွာကို ချိတ်ဆက်ပေးခဲ့ကြောင်း၊ သို့သော်လည်း သမ္မတထရမ့်သည် ၎င်းပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်းတွင် အဆိုပါသဘောတူညီချက်နှင့်ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်စီးပွားရေးအတွက် ဝန်ထုပ် ဝန်ပိုးတစ်ခုအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် ကနေဒါနှင့် မက္ကဆီကိုတွင်ရှိသည့် မည်သည့်အရာကိုမျှမလိုအပ်သော်လည်း ယင်းနိုင်ငံများအနေဖြင့် အမေရိကန်ရှိအရာအားလုံးကို လိုအပ်လျက်ရှိကြောင်း၊ အမေရိကန်အနေဖြင့် ၎င်းနိုင်ငံများထုတ် မော်တော်ကားများ၊ သစ်ထုတ်ကုန်များ၊ စွမ်းအင်များအပါအဝင် မည်သည့်အရာကိုမျှ လိုအပ်ခြင်းမရှိကြောင်း သမ္မတထရမ့်က ၎င်း၏ရုံးခန်းတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပြောကြားချက်များသည် အမေရိကန်ကုန်သွယ်ရေးကိုယ်စား လှယ် Mr. Jamieson Greer က USMCA သဘောတူညီချက်နှင့်ပတ်သက်၍ မက္ကဆီကိုနှင့် စတင်ဆွေးနွေးချိန်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ မက္ကဆီကိုမှ တာဝန်ရှိသူများအနေဖြင့် လာမည့်သီတင်း ပတ်တွင် ဝါရှင်တန်သို့ လာရောက်ဆွေးနွေးရန်စီစဉ်ထားကြောင်း၊ ကနေဒါအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးမှုများစတင်ပြုလုပ်ရာတွင် မက္ကဆီကိုထက် နောက်ကျလျက်ရှိသော်လည်းကနေဒါကုန်သွယ်ရေးဝန်ကြီး သည် ယခုလအစောပိုင်းက ဝါရှင်တန်သို့လာရောက်ခဲ့ပြီး အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Jamieson Greer နှင့်တွေ့ဆုံခဲ့ကာ USMCA သဘောတူညီချက်အတွက်အသေးစိတ်ကျသည့်ဆွေးနွေးပွဲများ စတင်ဆောင်ရွက်မည့်အခြေအနေနီးကပ်နေပြီဖြစ်သည်ကို ပြသခဲ့ကြောင်း၊ အမေရိကန်သမ္မတပြောကြားခဲ့သည့် ယခုမှတ်ချက်သည် ၎င်း၏ ပထမသမ္မတသက်တမ်းတွင် ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သည့် USMCA ကို သက်တမ်းတိုးရန်ခက်ခဲမည့်အခြေအနေကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က USMCA သည် အမျှတဆုံး၊ အချိုးအကျဆုံး၊ အကျိုးအရှိဆုံးနှင့် အကောင်းဆုံးကုန်သွယ်ရေးသဘောတူညီချက်ဖြစ် သည်ဟု သမ္မတထရမ့်က ပြောကြားခဲ့ကြောင်း၊ ယင်းနောက်တွင် အမေရိကန်သည် ကနေဒါ၊ မက္ကဆီကိုနိုင်ငံများနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေပြမှုမြင့်မားခဲ့ပြီးနောက် သမ္မတထရမ့်၏ အဆိုပါသဘောတူညီချက်အပေါ် သဘောထားအမြင်မှာ အဆိုးဘက်သို့ ပြောင်းလဲသွားပုံရကြောင်း၊ သမ္မတထရမ့်သည် USMCA နှင့်၎င်းမတိုင်မီက သဘောတူညီချက်ဖြစ်သည့် North American Free Trade Agreement(NAFTA) အပါအဝင် ကုန်သွယ်ရေးသဘောတူညီချက်များကိုဖျက်သိမ်းမည်ဟုခြိမ်းခြောက်သည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ကြောင်း၊ ယခုအချိန်အထိ အဆိုပါသဘောတူညီချက်သည် သမ္မတထရမ့်၏ သိသာ ထင်ရှားသည့် ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုများကြောင့် ထိခိုက်မှုမရှိသည့်အပြင် ပိုမိုအားကောင်းလာ ခဲ့ကြောင်း ဖော်ပြထားပါသည်။
အခြားနိုင်ငံများက ကုန်စည်များအနေဖြင့် အမေရိကန်၏ သွင်းကုန်ခွန်ချမှတ်မှုအတက်အကျကြီးမားသည့်ဒဏ်ကို ခံစားရချိန်တွင် ပြီးခဲ့သည့်နှစ်က USMCA သဘောတူညီချက်အရ ထုတ်လုပ်သည့် ကုန်စည်အများစုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုသည့် ထရမ့်အစိုးရ၏ဆုံးဖြတ်ချက်သည် ကုမ္ပဏီများစွာ အတွက် အဓိကသက်သာရာဖြစ်စေခဲ့ကြောင်း၊ ယခုအခါ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ ကုန်စည်အများစုသည် USMCA စည်းမျဉ်းများအရ အမေရိကန်နိုင်ငံအတွင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက် လျက်ရှိကြောင်း၊ ယခင်နှစ်က အမေရိကန်အနေဖြင့် ကနေဒါနှင့် မက္ကဆီကိုတို့မှ ကုန်စည်တင်သွင်းမှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံကျော်ဖြစ်ကြောင်း၊ သို့သော်လည်း USMCA ပါ သုံးနိုင်ငံအနေဖြင့် သဘောတူညီချက်ကို ပြန်လည်စေ့စပ်ညှိနှိုင်းရန်ဆောင်ရွက်လာသည်နှင့်အမျှ အနာဂတ်မှာ သေချာမှုမရှိသလောက်ဖြစ်နေကြောင်း၊ မော်တော်ကားကဏ္ဍမှ စိုက်ပျိုးရေးကဏ္ဍအထိ ကဏ္ဍအသီးသီးမှ အမေရိကန်ရှိ ကုမ္ပဏီများအနေဖြင့် USMCA သည် အမေရိကန်စီးပွားရေးအတွက် အဓိကကျသည်ဟု စောဒကတက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
ကနေဒါနိုင်ငံအတွက်မူ အဆိုပါသဘောတူညီချက်၏ ရှေ့အလားအလာနှင့်ပတ်သက်သည့် မေးခွန်းများသည် စီးပွားရေးမသေချာမရေရာမှုကိုဖြစ်စေသည့် အဓိကအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံအပေါ်မှီခိုမှုနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ပြန်လည်ထည့်သွင်းတွက်ဆရမည်ဖြစ်ကြောင်း၊ USMCA သဘော တူညီချက်ပါ ပြဋ္ဌာန်းချက်များအရ သဘောတူညီချက်အသက်ဝင်ပြီး ၆ နှစ်အကြာတွင် ပြန်လည်သုံးသပ်ရမည်ဖြစ်ကာ ၎င်းသည် ဇူလိုင်လ ၁ ရက်နေ့တွင်ကျရောက်ကြောင်း၊ သို့သော် သဘောတူညီချက်ပါသုံးနိုင်ငံအနေဖြင့် အဆိုပါပြန်လည်သုံးသပ်ရမည့်ရက်နောက်ပိုင်းမှသာ စေ့စပ်ညှိနှိုင်းမှုများဆက်လက်ဆောင်ရွက်မည်ဟုဆိုကြောင်း၊ အမေရိကန်အစိုးရတာဝန်ရှိသူများအနေဖြင့် မေလနှောင်းပိုင်းက မက္ကဆီကိုသို့ သွားရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လာမည့်သီတင်းပတ်တွင် ဝါရှင်တန်၌လည်းကောင်း၊ ဇူလိုင်လ ၂၀ ရက်တွင် မက္ကဆီကို၌ လည်းကောင်း အစည်းအဝေးများထပ်မံပြုလုပ်ရန်စီစဉ်ထားကြောင်း၊ မက္ကဆီကိုတွင် ပထမအကြိမ်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ၌ အမေရိကန်အစိုးရတာဝန် ရှိသူများအနေဖြင့် သဘောတူညီချက်၏အကျိုးကျေးဇူးများရရှိရန်အတွက် မော်တော်ကားတစ်စီးတွင် အမေရိကန်ပြည်တွင်း၌ ထုတ်လုပ်ရမည့် အစိတ်အပိုင်းရာခိုင်နှုန်းလိုအပ်ချက်တိုးမြှင့်ရန်နှင့် အခြားစက်မှုလုပ်ငန်းကဏ္ဍများတွင်လည်း အလားတူစည်းမျဉ်းများသတ်မှတ်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)