ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငွေပေးငွေယူရှင်းတမ်း ကန့်သတ်ချက်များဆိုင်ရာကော်မတီ (Committee on Balance of Payments Restrictions- BOP) က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၌ အမေရိကန်၏ ငွေပေးငွေယူရှင်းတမ်း (BOP) လိုငွေပြမှုအရ ကျင့်သုံးခဲ့သည့် သွင်းကုန်အပိုဆောင်းခွန် ၁၀ % နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ကော်မတီဥက္ကဋ္ဌဖြစ်သူ သီရိလင်္ကာသံအမတ်ကြီး R.G.S.P.K. Wijesekara က WTO သို့ အမေရိကန်မှ အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာအထွေထွေသဘောတူညီချက် (GATT) ၏ အပိုဒ် ၁၂ (Article XII) အရ သွင်းကုန်အပိုဆောင်းခွန် ၁၀ % အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ယာယီကောက်ခံမည်ဟု အကြောင်းကြားထားကြောင်း၊ အဆိုပါအစီအမံကို လွှတ်တော်က ဥပဒေပြဋ္ဌာန်းချက်ဖြင့် သက်တမ်းတိုးမြှင့်ခြင်းမရှိပါက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်ထောင်စုရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်စေရန်နှင့် အမေရိကန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုများ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများက အမေရိကန်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် WTO အတွင်းရေးမှူးရုံးတို့၏ တင်ပြချက်များကို ကြားနာခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုက မေးခွန်းများ ပြန်လည်ဖြေကြားခဲ့ကြပါသည်။
အဖွဲ့ဝင်နိုင်ငံများက အမေရိကန်၏ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အသေးစိတ်အချက်အလက်များ မျှဝေပေးခြင်းတို့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသလို အချို့အဖွဲ့ဝင်နိုင်ငံများက အမေရိကန်နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်းအခြေအနေ မည်မျှအထိ ပြင်းထန်ဆိုးရွားနေမှု၊ IMF သုံးသပ်ချက်အတွက် အသုံးပြုထားသောနည်းလမ်းနှင့် GATT Article XII အကြား ဆက်စပ်မှု၊ ယခုကဲ့သို့ ယာယီအပိုဆောင်းခွန်ကောက်ခံရန် လိုအပ်ချက်၊ အချို့သောနိုင်ငံများ၏ ကုန်စည်များကို ကင်းလွတ်ခွင့်ပေးထားမှု၊ ယခုအစီအမံကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် သက်ရောက်နိုင်မှု၊ ပြန်လည်ရုပ်သိမ်းပေးရေးတို့နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။
ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်ထပ်ဆွေးနွေးမှုများ ထပ်မံလိုအပ်ခြင်း ရှိ၊ မရှိ သုံးသပ်ရန်အတွက် အချိန်ပိုမိုလိုအပ်ကြောင်း၊ ငွေပေးငွေယူရှင်းတမ်း ပြဋ္ဌာန်းချက်များဆိုင်ရာ ညှိနှိုင်းမှုများကို GATT 1994 စာပိုဒ် ၁၃ နှင့်အညီ အထွေထွေကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငွေပေးငွေယူရှင်းတမ်း (BOP) ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသော WTO အဖွဲ့ဝင်နိုင်ငံများသည် GATT 1994 နှင့် GATS တို့ပါ ပြဋ္ဌာန်းချက်များအရ သွင်းကုန်ကန့်သတ်မှုများကို ကျင့်သုံးနိုင်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများနှင့် BOP ကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အားလည်း BOP ကော်မတီ အစည်းအဝေးများတွင် ပါဝင်တက်ရောက်ရန် ဖိတ်ကြားလေ့ရှိသည်။
Source: https://commerce.gov.mm/