International News

ရုရှားနိုင်ငံမှ ဓာတ်ဆီတင်ပို့မှု တားမြစ်ချက် သြဂုတ်လ ၁ ရက်မှစ၍ ပြန်လည်အသက်ဝင်မည်

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်သည် ဇူလိုင်လအတွက် ခြွင်းချက်အဖြစ် တင်ပို့ခွင့်ပြုပြီးနောက် သြဂုတ်လ ၁ ရက်မှစတင်၍ ပြန်လည်အသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါတားမြစ်ချက်ကို စက်တင်ဘာ လမှ အောက်တိုဘာလအထိ သက်တမ်းတိုးရန် စွမ်းအင်ဝန်ကြီးဌာနက အစိုးရထံ အဆိုပြုထားကြောင်း ဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

အစိုးရသည် ကုမ္ပဏီများနှင့်အတူ AI-95 ဓာတ်ဆီထုတ်လုပ်မှုပမာဏတိုးမြှင့်လာစေရန် အစီအမံများကို လုပ်ဆောင်လျက်ရှိပြီး ဩဂုတ်လ ၁ ရက်မှစ၍ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ပြန်လည်အသက်ဝင်လာစေခြင်းသည် AI-95 စျေးနှုန်းများတည်ငြိမ်စေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအားနှင့် ဝယ်လိုအားဟန်ချက်ညီစေရေးသည် ပထမဦးစားပေးဖြစ်ပြီး ယင်းတားမြစ်ချက်ကို ဆက်လက်ကျင့်သုံးရန်လိုအပ်ကြောင်းသုံးသပ်ရပါက ဆက်လက်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစောပိုင်းတွင် ရုရှားဈေးကွက်၌ ဝယ်လိုအားမြင့်မားသည့် octane ဓာတ်ဆီ(Ai-95 နှင့်အထက်) ထုတ်လုပ်မှုကို တိုးမြှင့်ပေးရန် ရုရှားလောင်စာဆီသမဂ္ဂအစိုးရအား တောင်းဆိုခဲ့သည်။

ရုရှားအစိုးရသည် နွေဦးနှင့် နွေရာသီကာလတွင် ၀ယ်လိုအားကြီးထွားလာမှုကို ကာမိစေရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ခြောက်လကြာ ဓာတ်ဆီတင်ပို့မှု တားမြစ်ချက်ကို ထုတ်ပြန်ခဲ့နောက် ဇူလိုင်လ ၁ လအား ခြွင်းချက်အနေဖြစ် တင်ပို့ခွင့်ပြုခဲ့သည်။

ဆောင်းတွင်းသုံးလောင်စာဆီအပါအဝင် ဒီဇယ်ဆီတင်ပို့မှုကို အစိုးရက တားမြစ်မည်မဟုတ်ကြောင်း၊ ဒီဇယ်ဆီထုတ်လုပ်မှုများတည်ငြိမ်လျက်ရှိပြီး ဆောင်းရာသီအတွက်လည်း လုံလောက်သည့်ပမာဏရှိကြောင်းသိရှိရပါသည်။

Source :        https://www.interfax.ru/business/972435

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News