International News

ဇူလိုင်လအတွင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းထား ကျဆင်းခဲ့

Last Updated:

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၏ ငွေကြေးဖောင်းပွမှုနှုန်းသည် အေးစက်သည့်လက္ခဏာများကို ပြသခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ကိန်းဂဏန်းများအရ ဇွန်လတွင် ၃.၈၅ % ရှိခဲ့ရာမှ ဇူလိုင်လတွင် ၃.၃၂ % သို့ ကျဆင်းသွားခဲ့ကြောင်း ဒူဘိုင်းစာရင်းအင်းစင်တာမှ ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့ကျဆင်းသွားခြင်းသည် ယခုနှစ်အစပိုင်းမှ စပြီး ယူအေအီးနိုင်ငံတွင် မှတ်တမ်းတင်ထားသော အနိမ့်ဆုံးငွေကြေးဖောင်းပွမှုနှုန်းဖြစ်ကာ အလားအလာရှိသော အတိုးနှုန်းဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုဖိအားများရှိနေသော်လည်း ဒူဘိုင်း၏စီးပွားရေးသည် ခရီးသွားလုပ်ငန်း၊ အိမ်ခြံ မြေနှင့် ကုန်သွယ်မှု စသည့်မတူကွဲပြားသော စီးပွားရေးလုပ်ငန်းကဏ္ဍများမှ ပံ့ပိုးပေးထားသည့်အတွက် တည်ငြိမ်နေဆဲဖြစ်ပါသည်။ အစိုးရ၏ကုန်စျေးနှုန်းတည်ငြိမ်မှုကို ထိရောက်စွာစီမံခန့်ခွဲခြင်းသည် ဒေသတွင်းအခြားမြို့ကြီးများနှင့်နှိုင်းယှဉ်ပါက အလုံးစုံငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်ကျစေခဲ့ပါသည်။

ဒူဘိုင်း၏ စားသုံးသူစျေးနှုန်းညွှန်းကိန်း(CPI)၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည့် အိမ်ရာ၊ အသုံးအဆောင်များနှင့် လောင်စာဆီကဏ္ဍများတို့သည် ဇွန်လတွင် ၆.၆၆ % ထက် အနည်းငယ်သာလွန်ခဲ့ပြီး ဇူလိုင်လတွင် တစ်နှစ်ထက်တစ်နှစ် ၆.၇၆ % တိုးတက်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အစားအသောက်နှင့် အဖျော်ယမကာဈေးနှုန်းများသည် ၂.၄၆ % ဖြင့် အနည်းငယ်မြင့်တက်ခဲ့ပြီး အဝတ်အထည်နှင့်ဖိနပ်ကဏ္ဍသည် ၀.၉၆ % အထိ သိသိသာသာတိုးတက်လာခဲ့ပါသည်။

ဆန့်ကျင်ဘက်အားဖြင့် အချို့သောကဏ္ဍများဖြစ်သည့် ဆေးရွက်ကြီးကဏ္ဍတွင် ၃.၆၃ % ကျဆင်းသွားပြီး အပန်းဖြေမှု၊ အားကစားနှင့်ယဉ်ကျေးမှုကဏ္ဍတွင် ၂.၄၂ % ကျဆင်းသွားကာ သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးကဏ္ဍသည်လည်း ၂ %  ကျဆင်းခဲ့သဖြင့် စျေးနှုန်းကျဆင်းမှုကို ကြုံတွေ့ခဲ့ရပါသည်။

ဒူဘိုင်း၏ CPI သည် ဇွန်လတွင် ရမှတ် ၁၁၁.၆၅ မှတ်မှ ဇူလိုင်လတွင် ရမှတ် ၁၁၁.၅၆ မှတ်သို့ အနည်းငယ်ကျဆင်းသွားခဲ့ကာ ယူအေအီးနိုင်ငံတစ်ဝှမ်း ငွေကြေးဖောင်းပွမှုဖိအားများ ပိုမိုကျယ်ပြန့်စွာဖြေလျှော့မှုကို ထင်ဟပ်စေခဲ့ပါသည်။ အငြိမ်းစားများအတွက် နေထိုင်ခွင့်နှင့် ၁၀ နှစ်ရွှေဗီဇာအစီအစဉ်ကို ချဲ့ထွင်ခြင်းကဲ့သို့သော အစပျိုးနေထိုင်ခွင့်အစပြုမှုများကြောင့် တိုးတက်နေသောအိမ်ခြံမြေစျေးကွက်သည် စီးပွားရေးတိုးတက်မှုကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။

ငွေကြေးဖောင်းပွမှုလမ်းကြောင်းများကျဆင်းလာသည်နှင့်အမျှ ယူအေအီးနိုင်ငံ၊ ဗဟိုဘဏ်(CBUAE)မှ စီးပွားရေးတိုးတက်မှုကို ပိုမိုလှုံ့ဆော်ရန် အတိုးနှုန်းဖြတ်တောက်ရန် စဉ်းစားနိုင်ကြောင်း ထင်မြင်ယူဆမှုများ တိုးလာလျက်ရှိပါသည်။CBUAE သည် အမေရိကန်နိုင်ငံ၊ဗဟိုဘဏ်စနစ်(US Federal Reserve)၏မူဝါဒနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင် လမှစတင်၍ ၎င်း၏အဓိကမူဝါဒနှုန်းထားကို ၅.၄ % တွင် မပြောင်းလဲဘဲဆက်လက်ထားရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွက် ယူအေအီးနိုင်ငံတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂.၃%ရှိလိမ့်မည်ဟု ခန့်မှန်းထားသောကြောင့် ငွေကြေးမူဝါဒတွင် ဖြေလျှော့နိုင်ခြေသည် ဆွဲငင်မှုရှိလာကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

တစ်ကမ္ဘာလုံးတွင် ဒူဘိုင်းရှိအခြေအနေသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သုံးနှစ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းအနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ပြီး ပိုမိုကျယ်ပြန့်သောလမ်းကြောင်းများ အထူးသဖြင့် အမေရိကန်နိုင်ငံအနေ အထားကို ထင်ဟပ်စေခဲ့ပါသည်။ ဤကဲ့သို့ကျဆင်းမှုသည် ယူအေအီးနိုင်ငံအပါအဝင် ကမ္ဘာလုံးဆိုင်ရာငွေကြေးမူဝါဒများကို လွှမ်းမိုးနိုင်သည့် US Federal Reserve မှ အတိုးနှုန်းဖြတ်တောက်မှုဖြစ်နိုင်ခြေကို တိုးမြင့်စေခဲ့ပါသည်။

ဒူဘိုင်း၏ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်သက်သာလာသဖြင့် ယူအေအီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် အတိုးနှုန်းဖြတ်တောက်မှုသည် အလှမ်းဝေးသောနေရာတစ်ခုတွင်ရှိနေခြင်းရှိမရှိကို သိရှိနိုင်ရန်အတွက် အားလုံးက CBUAE ကို စောင့်ကြည့်လျက်ရှိကြောင်းဖြင့် သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Gulf Business

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News