International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းနှင့် တရုတ်နိုင်ငံဗဟိုဘဏ်တို့ ယူအေအီး-တရုတ်ကုန်သွယ်မှုဆက်ဆံရေးများမြှင့်တင်ရန် MoU လက်မှတ်ရေထိုး

Last Updated:

ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ဒူဘိုင်းနှင့်တရုတ်နိုင်ငံတို့၏ စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်စီးပွားရေးဆိုင်ရာဆက်ဆံမှုများ အားကောင်းလာစေရန်အတွက် တရုတ်နိုင်ငံ၏ဒူဘိုင်းဘဏ်ခွဲနှင့် နားလည်မှုစာချွန်လွှာသဘောတူညီချက်(MoU)တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါသဘောတူညီချက်ကို ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Moham mad Ali Rashed Lootah နှင့် တရုတ်နိုင်ငံဗဟိုဘဏ်မှ ဒူဘိုင်းဘဏ်ခွဲ၏အထွေထွေမန်နေဂျာဖြစ်သူ XinYuan Pan တို့က ဒူဘိုင်းကုန်သည်ကြီးများအသင်းရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာသည် ယူအေအီးနိုင်ငံနှင့်တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှစ် ၄၀ ပြည့်နှစ်ပတ်လည်နေ့နှင့်တိုက်ဆိုင်လျက်ရှိပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာမှုကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။

သဘောတူညီချက်သည် အသိပညာနှင့်ဝန်ဆောင်မှုများဖလှယ်ရာတွင် အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီးဒူဘိုင်း နှင့်တရုတ်တွင်ရှိသော ရင်းနှီးမြှုပ်နှံသူများ၊ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်ရည်ရွယ်၍ ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများအတွက် မူဘောင်တစ်ခုပံ့ပိုးပေးထားကာ အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုတိုးတက်စေမည်ဟု မျှော်လင့်ထားရှိပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုသည် သြဂုတ်လ ၂၁ ရက်နေ့တွင် ပေကျင်း၌ ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ စီစဉ်ကျင်းပသွားမည်ဖြစ်သည့် ဒူဘိုင်းစီးပွားရေးဖိုရမ်-တရုတ်နိုင်ငံ စီးပွားရေးဖိုရမ်မတိုင်မီ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။

အဆိုပါဖိုရမ်သည် မဟာဗျူဟာမြောက်ကဏ္ဍအသီးသီးရှိ ဒူဘိုင်း၏မတူကွဲပြားသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုပြသသွားမည်ဖြစ်ပြီး ဤပူးပေါင်းဆောင်ရွက်မှုသည် ယူအေအီးနှင့်တရုတ်နိုင်ငံများအကြား စီးပွားရေးဆက်ဆံရေးကို ခိုင်မာစေရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News