International News

၂၀၂၅ ခုနှစ်တွင် သတ္တုနှင့် ဆီအုန်းတို့မှ ကုန်ချောထုတ်လုပ်မှုများ ပိုမိုတိုးတက်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် ပို့ကုန်တိုးတက်ရေး၊ အသေးစားလုပ်ငန်းလုပ်ကိုင်သူများ၏ လူမှုဖူလုံရေး၊ ဇီဝဒီဇယ် ၃၅ ရာခိုင်နှုန်း(B35)၊ ၄၀ ရာခိုင်နှုန်း(B40)ပါဝင်သည့် ဒီဇယ်ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့အတွက် လာမည့် ၂၀၂၅ ခုနှစ်တွင် သတ္တုနှင့် ဆီအုန်းတို့မှ ကုန်ချောထုတ်လုပ်မှုများပိုမိုတိုးတက်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက သတင်းထုတ်ပြန်ခဲ့ပါသည်။

“သတ္တုနှင့် ဆီအုန်းတို့မှ ကုန်ချောထုတ်လုပ်မှုသည် လာမည့်နှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအချက်ဖြစ်လာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အသေးစားလုပ်ငန်းလုပ်ကိုင်သူများ၏ လူမှုဖူလုံရေးအတွက် သင့်လျော်သည့်အတိုင်းအတာတွင် စားအုန်းဆီဈေးနှုန်းတည်ငြိမ်ရေး၊ဇီဝဒီဇယ်အပါအဝင် စားအုန်းဆီကြမ်းနှင့် ဆီအုန်းမှထုတ်လုပ်သည့်ကုန်စည်များ ရရှိသုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဘဏ္ဍာရေးဝန်ကြီး ဌာန ဝန်ကြီး Sri Mulyani Indrawati က ဂျကာတာမြို့တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် State Budget (RAPBN) 2025 ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏စားအုန်းဆီတင်ပို့မှုမှာ ၂၀၁၅ ခုနှစ်မှစတင်၍ တိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃.၉ ဘီလီယံအထိ ရရှိခဲ့ပါသည်။ ဇီဝဒီဇယ်ဖြန့်ဖြူးမှုမှာ ၂၀၁၅ ခုနှစ်တွင် ၀.၉၂ သန်းကီလိုလီတာဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၂.၂၄ သန်းကီလိုလီတာဖြစ်ပါသည်။ ဇီဝဒီဇယ်ထုတ်လုပ်မှုနှင့်သုံးစွဲမှုသည် အင်ဒိုနီးရှားနိုင်ငံအတွက် ဒီဇယ်တင်သွင်းမှုကို လျှော့ချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားငွေလဲလှယ်မှုမှ ရူပီး ၃.၇ ထရီလီယံသက်သာခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ရူပီး ၁၂၁.၅ ထရီလီယံသက်သာခဲ့ပါသည်။ ဇီဝဒီဇယ်မဖြစ်မနေအသုံးပြုသည့်အစီအစဉ်သည် နိုင်ငံခြားငွေလဲလှယ်မှုကို သက်သာစေသည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်ခဲ့ပါသည်။

အစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ငွေကြေးမူဝါဒနှင့် နိုင်ငံတော်ဘတ်ဂျက်ကိုအသုံးပြုမည်ဖြစ်ပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးအတွက် အခွန်ကင်းလွတ်ခွင့်အစီအစဉ်များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး Sri Mulyani Indrawati က ယခင်က ပြောကြားထားမှုရှိပါသည်။

ရင်းမြစ်။        Indonesian Palm Oil Association

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News