International News

အိမ်နီးချင်းနိုင်ငံများမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုကြောင့် မီဇိုရမ်တောင်သူများကို ထိခိုက်နစ်နာစေသည်ဟု ပြည်နယ်အထက်လွှတ်တော်အမတ်ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုကြောင့် မီဇိုရမ် ပြည်နယ်နှင့် အရှေ့မြောက်ဒေသရှိ တောင်သူများကို ထိခိုက်နစ်နာစေသည်ဟု ပြည်နယ်အထက်လွှတ်တော်အမတ် K. Vanlalvena က ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း Northeast Live ရုပ်သံသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ယခုလ ၂၅ ရက်က ဖော်ပြထားသည်။

အဆိုပါပြည်နယ်အထက်လွှတ်တော်အမတ်က တရုတ်နိုင်ငံမှ ချင်း(ဂျင်း)တင်သွင်းမှုကြောင့် အရှေ့မြောက်ဒေသမှ တောင်သူလယ်သမားများကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်ပမှ အဆိုပါကုန်ပစ္စည်းများတင်သွင်းမှုကို ချက်ချင်းရပ်တန့်ပေးရန် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားသော ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းမှုကြောင့် ၎င်းတို့အနေဖြင့် လတ်ဆတ်သောချင်း(ဂျင်း)နှင့်ကွမ်းသီးသီးနှံများရောင်းချရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း Vanlalvena က ပြောကြားခဲ့သည်။ အဆိုပါသီးနှံနှစ်မျိုးသည် အရှေ့မြောက်ဒေသပြည်သူများအတွက် အဓိကအသက်မွေးဝမ်းကျောင်းမှုပြုရာ အရင်းအမြစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါလွှတ်တော်အမတ်က တရုတ်နိုင်ငံမှ ချင်း(ဂျင်း)အမြောက်အများတင်သွင်းမှုကို ချက်ချင်းရပ်တန့်ပေးရန် ဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။ ယင်းသို့မလိုအပ်ဘဲ ပြည်ပမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုသည် အရှေ့မြောက်ဒေသရှိ တောင်သူများ၏အလုပ်အကိုင်ကို ပျက်ပြားစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် ကောက်ပဲသီးနှံများ နယ်စပ်ဖြတ်ကျော်မှောင်ခိုရောင်းဝယ်ရာတွင် အိန္ဒိယ-မြန်မာနယ်စပ်မှ မှောင်ခိုသမားများနှင့် အစိုးရအရာရှိများ ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အရှေ့မြောက်ဒေသမှ လူအများက ယူဆသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။   Ginger & Areca Nut Imports From Neighouring Countries Hurting Mizoram Farmers: RS MP K Vanlavena | Northeast Live

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News