International News

ဂျပန်နိုင်ငံသည် ယူအေအီးတွင်နေထိုင်သူများအတွက် E-Visa ကို ပြန်လည်မိတ်ဆက်ပြီး VFS Global မှ ဗီဇာလျှောက်လွှာဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်သွားမည်

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစတင်၍ ဂျပန်နိုင်ငံသို့သွားရောက်လိုသည့် ယူအေအီးနိုင်ငံတွင် နေထိုင်ကြသူများအတွက် ၎င်းတို့၏ e-visa လျှောက်လွှာလုပ်ငန်းစဉ်ဝန်ဆောင်မှုများကို ဗီဇာနှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်သည့် VFS Global မှတစ်ဆင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ ဂျပန်ကောင်စစ်ဝန်ချုပ်ရုံးမှ အတည်ပြုပြောကြားခဲ့ပါသည်။

ဩဂုတ်လ ၁ ရက်မှစ၍ ဒူဘိုင်းရှိ ဂျပန်ကောင်စစ်ဝန်ချုပ်ရုံးသည် သံတမန်နှင့်အထူးဗီဇာများမှလွဲ၍ တိုက်ရိုက်ဗီဇာလျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးခြင်းမှ ရပ်ဆိုင်းတော့မည်ဖြစ်ပါသည်။ ယူအေအီးနိုင်ငံရှိ ဂျပန်သံရုံးနှင့် ဒူဘိုင်းရှိ ဂျပန်ကောင်စစ်ဝန်ချုပ်ရုံးတို့၏ လုပ်ငန်းမိတ်ဖက်စာရင်းဝင်အဖြစ် အခြားဗီဇာနှင့်လျှောက်လွှာများကို VFS Global မှ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပါဗီဇာလုပ်ငန်းစဉ်အသစ်သည် ဒူဘိုင်းတွင်နေထိုင်သူများနှင့်သာသက်ဆိုင်ပြီး အဘူဒါဘီတွင် နေထိုင်သူများသည် သံရုံးမှတစ်ဆင့်လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ VFS Global ဝဘ်ဆိုဒ်တွင် ဗီဇာလျှောက်ထားရန်လိုအပ်ချက်များ၊ စာရွက်စာတမ်းများ၊ ကြိုတင်စာရင်းသွင်းမှု၊ စတင်ဆောင်ရွက်ချိန်နှင့် လုပ်ငန်းဆောင်ရွက်ချိန်များအကြောင်း စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံဖော်ပြထားရှိပါသည်။

e-visa လုပ်ငန်းပြန်လည်စတင်ခြင်းသည် ယူအေအီးနိုင်ငံတွင်နေထိုင်သည့် နိုင်ငံခြားသားများအတွက် စရိတ်စက သိသိသာသာသက်သာစေမည်ဖြစ်ပြီး ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်တစ်ခုလုံးကို အွန်လိုင်းလျှောက်လွှာမှနေ၍ ငွေပေးချေမှုအထိ ဆောင်ရွက်ပြီးမြောက်စေမည်ဖြစ်ပါသည်။ အဆိုပါအပြောင်းအလဲအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင်e-visa ဝန်ဆောင်မှုများကိုရပ်ဆိုင်းထားပြီးနောက် ယခုအခါပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအားအလွန်ရှာဖွေလိုကြသည့် ခရီးသွားများ၏ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါဝန်ဆောင်မှုမတိုင်မီတွင် ယူအေအီးတွင် နေထိုင်ကြသူများသည် ဗီဇာကိစ္စအတွက်လာရောက်ရန်ချိန်းဆိုမှုအတွက် ကောင်စစ်ဝန်ချုပ်ရုံးထံသို့ ကြိုတင်အီးမေးလ်ပေးပို့ခဲ့ရပြီး ၎င်းချိန်းဆိုမှုများအတွက်သေချာစေရန် ကြိုးစားဆောင်ရွက်ခဲ့ရမှုများ ရှိခဲ့ပါသည်။

VFS Global နှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်သည် လိုအပ်သောစာရွက်စာတမ်းများအားလုံးကို တင်သွင်းပေးရန်အတွက် အလုပ်ချိန်ရှစ်ရက်ကြာ စံလုပ်ငန်းစဉ်ကို သေချာစေပါသည်။ ဤကာလတို e-visa သည် ဂျပန်နိုင်ငံသို့ရက်ပေါင်း ၉၀ အတွင်းဝင်ရောက်ခွင့်ပြုပြီး ထုတ်ပေးသည့်နေ့မှ သုံးလအထိ သက်တမ်းရှိပါသည်။ သတ်မှတ်အရည်အချင်းပြည့်မီသော လျှောက်ထားနိုင်သည့်နိုင်ငံများအနေဖြင့် ဘရာဇီး၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ ယူအေအီး၊ဗြိတိန်နှင့်အမေရိကန်ကဲ့သို့သောနိုင်ငံများမှ နေထိုင်သူများပါဝင်ပြီး ခရီးသွားလာရန်ရည်ရွယ်ချက်ဖြင့် e-visa ကို လျှောက်ထားနိုင်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News