International News

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားနေထိုင်သူဦးရေမှာ ပထမဆုံးအကြိမ်အဖြစ် ၃ သန်းကျော်ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားနေထိုင်သူဦးရေမှာ ပထမဆုံးအကြိမ်အဖြစ် ၃ သန်းကျော်ရှိခဲ့ပြီး ဂျပန်နိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ ၂.၆၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်း၌ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားနေထိုင်သူဦးရေမှာ ၂၀၂၃ ခုနှစ်တွင် ၃၂၉,၅၃၅ ဦးရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၃.၃၂ သန်းရှိခဲ့ကြောင်းနှင့် အဆိုပါအရေအတွက်မှာ ၂၀၁၃ ခုနှစ်မှစတင်၍ စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်း၊ဂျပန်နိုင်ငံရေး၊ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြ ထားပါသည်။

တိုကျိုတွင် နိုင်ငံခြားသားနေထိုင်သူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၄.၇ ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ဗီယက်နမ်နိုင်ငံသားများ အများဆုံးအလုပ်လုပ်ကိုင်လျက်ရှိပြီး၊ စုစုပေါင်းနိုင်ငံခြားသားလုပ်သားများ၏ ၂၅ ရာခိုင်နှုန်းရှိ ကြောင်း၊ တရုတ်နိုင်ငံသားများနှင့် ဖိလစ်ပိုင်နိုင်ငံသားများမှာ ဂျပန်နိုင်ငံတွင် ဒုတိယနှင့် တတိယအများဆုံး အလုပ် လုပ်ကိုင်လျက်ရှိကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားနေထိုင်သူဦးရေများပြားလာသော်လည်း ဂျပန်နိုင်ငံသားအရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၈၆၁,၂၃၇ ဦးလျော့နည်းကျဆင်းခဲ့ပြီး၊ ၁၂၁.၆ သန်းရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လူဦးရေကျဆင်းခဲ့မှုမှာ ၁၉၆၈ ခုနှစ်မှစတင်၍ အများဆုံးလူဦးရေကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၁၅ နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းလည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏လူဦးရေမှာ ၀.၄၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၏လူဦးရေမှာ ၁၂၄.၉ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ ပြည်တွင်းလူဦးရေကျဆင်းလာသည်နှင့်အမျှ နိုင်ငံခြားသားလုပ်သားများမှာ ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုမိုအရေးပါလာလျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ပြည်ပမှ ကျွမ်းကျင်သူများ နိုင်ငံအတွင်းလာရောက်မှုကို တွန်းအားဖြစ်စေရေးအတွက် Digital Nomad Visa ကိုလည်း ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုပေးခဲ့ကြောင်း၊ ပြည်ပမှ ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ ခေါ်ယူနိုင်ရေးအတွက်လည်း လာမည့် ၅ နှစ်အတွင်း၌ ကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်သား ၈၀၀,၀၀၀ ဦးခေါ်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားနေထိုင်သူများ ဂျပန်နိုင်ငံတွင် များပြားလာသော်လည်း ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင် ရာရည်မှန်းချက်များကိုပြည့်မီစေရေးအတွက် နိုင်ငံခြားသားလုပ်သားအရေအတွက်မှာ သိသိသာသာလျော့နည်းလာလျက်ရှိကြောင်း၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ၇၀၄ ထရီလီယံယန်းရရှိ စေရေး ဂျပန်အစိုးရ၏ရည်မှန်းချက်ကို ပြည့်မီနိုင်ရေးအတွက် ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားလုပ်သား ၉၇၀,၀၀၀ ဦး ထပ်မံလိုအပ်လာမည်ဟု ခန့်မှန်းထားကြောင်း ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးဆက်တိုက်ကျဆင်းလျက်ရှိခြင်း၊ ထိုင်ဝမ်ကဲ့သို့သော အိမ်နီးချင်းအာရှနိုင်ငံများနှင့် ယှဉ်ပြိုင်မှုပိုမိုမြင့်မားလာခြင်း၊ လူမှုရေးဆိုင်ရာနှင့် ကျား-မခွဲခြားမှုဆိုင်ရာစိန်ခေါ်မှုများသည် နိုင်ငံခြားသားလုပ်သားများကို ဂျပန်နိုင်ငံတွင်းသို့ ဆွဲဆောင်နိုင်ရေးအတွက် အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂၄-၇-၂၀၂၄)  

Category: International News