International News

၂၀၂၆ ခုနှစ်တွင် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှု ပိုမိုကျယ်ပြန့်လာမည်ဟု Standard Chartered ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် အစိုးရ၏ဘဏ္ဍာရေးမူဝါဒများနှင့် ဗဟိုဘဏ်၏ငွေကြေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများကြောင့် ၂၀၂၆ ခုနှစ်အထိ ဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း ဘဏ်နှင့်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Standard Chartered ၏နောက်ဆုံးထုတ်အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားကြောင်းသိရှိရသည်။

'Outlook 2026: Ride the Recovery Wave' အမည်ရှိ မူဝါဒရေးရာ လှုံ့ဆော်မှုများ အစီရင်ခံစာအရ ဗဟိုဘဏ်မှ အတိုးနှုန်းများကြိုတင်လျှော့ချပေးခြင်း၊ ငွေကြေးစီးဆင်းမှုတိုးမြှင့်ပေးခြင်းတို့အပြင် အစိုးရကလည်း ဘတ်ဂျက်တွင် ဝင်ငွေခွန်လျှော့ချခြင်းနှင့် GST အခွန်နှုန်းထားများကို ပြန်လည်ညှိနှိုင်းခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအချက်များသည် ပြည်တွင်းဝယ်လိုအားကို ပြန်လည်ဦးမော့လာစေရန် အဓိကတွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်၏ကုန်သွယ်မှုအခွန်တိုးမြှင့်ခြင်းနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုဒဏ်ကိုလည်း အဆိုပါပြည်တွင်းမူဝါဒများက ပြန်လည်ခုခံပေးနိုင်မည်ဟု ယင်းအစီရင်ခံစာက အခိုင်အမာပြောကြားထားသည်။

Standard Chartered ၏အမြင်အရ ရေနံစိမ်းနှင့် စားသောက်ကုန်စျေးနှုန်းဖိအားများလျော့နည်းလာခြင်း၊ GST အခွန်နှုန်းထားများလျှော့ချမှုကြောင့် ကုန်ပစ္စည်းစျေးနှုန်းများ အထွေထွေကျဆင်းလျက်ရှိရာ စားသုံးသူစျေးနှုန်းညွှန်းကိန်း(CPI)အခြေခံသည့် ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်(RBI)၏ ရေရှည်ရည်မှန်းချက်ဖြစ်သော ၄ ရာခိုင်နှုန်းအောက်သို့ ဆက်လက်ကျဆင်းသွားဖွယ်ရှိနေကြောင်း သိရှိရသည်။

Standard Chartered က အိန္ဒိယဗဟိုဘဏ်(RBI)၏မူဝါဒရေးရာ ဆောင်ရွက်ချက်များဖြစ်သည့်(အတိုးနှုန်း ၁၂၅ bps လျှော့ချခြင်း၊ ငွေကြေးစျေးကွက်အတွင်း ရူပီး ၁၀ ထရီလီယံထည့်သွင်းပေးခြင်းနှင့် ဒေါ်လာ-ရူပီးလဲလှယ်မှုအစီအစဉ်အရ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံသုံးစွဲခြင်း)တို့အပြင် အစိုးရ၏ ဆောင်ရွက်ချက်များဖြစ်သော(ဝင်ငွေခွန်လျှော့ချခြင်းနှင့် GDP ၏ ၁ ရာခိုင်နှုန်းခန့်ရှိသော GST အခွန်နှုန်း ထားပြုပြင်ပြောင်းလဲခြင်း)စသည့်များပြားလှသောမူဝါဒအပြောင်းအလဲများကြောင့် ၂၀၂၆ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုကို ဆက်လက်အထောက်အကူပြုနေမည်ဖြစ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီအမံများသည် စားသုံးမှုကဏ္ဍအခြေပြု၍ စီးပွားရေးပြန်လည်ဦးမော့လာစေကာ တိုးတက်မှုဆိုင်ရာ မျှော်မှန်းချက်များကို သိသာထင်ရှားစွာမြင့်တက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့လာမည့်လများတွင် စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာမည့်အလားအလာများနှင့် ထူးခြားသော တိုးတက်မှုများကိုမြင်တွေ့ရဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏စီးပွားရေးကဏ္ဍမှာ အတက်၊ အကျမျိုးစုံဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ပထမနှစ်ဝက်(H1)တွင် GDP တိုးတက်မှုနှုန်းမှာ ၈.၀ ရာခိုင်နှုန်းအထိရှိခဲ့ရာ ယခင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၆.၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက သိသိသာသာအားကောင်းလာခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် အိန္ဒိယ၏ Real GDP တိုးတက်မှုနှုန်းသည် ကဏ္ဍစုံ၌ ပိုမိုကျယ်ပြန့်စွာတိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယ၏စားသုံးသူစျေးနှုန်းဖောင်းပွမှုနှုန်းသည်လည်း စားသောက်ကုန်စျေးနှုန်းများအကြီးအကျယ်ကျဆင်းသွားခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း သိသိသာသာလျော့ကျသွားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပျမ်းမျှ ၄.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်(နိုဝင်ဘာလအထိ)တွင် ပျမ်းမျှ ၂.၃ ရာခိုင်နှုန်းသာရှိတော့ကြောင်းလည်း သိရှိရသည်။

အိန္ဒိယဗဟိုဘဏ်(RBI)သည် ၂၀၂၅ ခုနှစ်အတွင်း အဓိကအတိုးနှုန်း(Repo Rate)ကို အခြေခံအမှတ် ၁၂၅(125 basis points)လျှော့ချခဲ့ရာ လက်ရှိတွင် ၅.၂၅ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အပြင် RBI သည် ၎င်း၏နောက်ဆုံးထုတ် ဒီဇင်ဘာလငွေကြေးမူဝါဒပြန်လည်သုံးသပ်ချက်တွင် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် GDP တိုးတက်မှုခန့်မှန်းချက်ကို အခြေခံအမှတ် ၅၀ တိုးမြှင့်ကာ ၇.၃ ရာခိုင်နှုန်းသို့ သတ်မှတ်ခဲ့ပြီး၊ ပျမ်းမျှငွေကြေးဖောင်းပွမှုခန့်မှန်းချက်ကိုမူ အခြေခံအမှတ် ၆၀ လျှော့ချကာ ၂.၀ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

Source: India’s real GDP growth to become more broad-based in 2026: Report, The Economic Times, December 26, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News