International News

အိန္ဒိယအစိုးရ၏ စပါးဝယ်ယူမှုမြင့်တက်လာခြင်းကြောင့် ဆန်လက်ကျန်ပမာဏစံချိန်တင်မြင့်တက်

Last Updated:

အိန္ဒိယအစိုးရပိုင်အေဂျင်စီများက ရာသီသစ်စပါးဝယ်ယူမှုများကိုတိုးမြှင့်ဆောင်ရွက် ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏အစိုးရသိုလှောင်ရုံများရှိ ဆန်လက်ကျန်ပမာဏသည် ယခင်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်းခန့်မြင့်တက်လာကာ ဒီဇင်ဘာလအစောပိုင်းအတွက် အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့ကြောင်း အစိုးရကိန်းဂဏန်းများအရ သိရသည်။

ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယတွင်ယခုကဲ့သို့ဆန်လက်ကျန် များမြင့်မားနေခြင်းကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုများကို ပိုမိုတိုးမြှင့်လာနိုင်ပါကြောင်း၊ ယင်းအခြေအနေသည် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း အဓိကပြိုင်ဘက်နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နှင့်ပါကစ္စတန်နိုင်ငံတို့မှ ဆန်တင်ပို့မှုအပေါ် ဖိအားများသက်ရောက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

အစိုးရ၏ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စာရင်းများအရ မကြိတ်ခွဲရသေးသော စပါးများအပါအဝင် နိုင်ငံတော်ပိုင်ဆန်ရိက္ခာလက်ကျန်စုစုပေါင်းမှာ တန်ချိန် ၅၇.၅၇ သန်းအထိရှိလာပြီး စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ၎င်းပမာဏသည် ဇန်နဝါရီလ ၁ ရက်နေ့အတွက် အစိုးရက သတ်မှတ်ထားသော ရည်မှန်းချက်ပမာဏတန်ချိန် ၇.၆၁ သန်းထက် များစွာကျော်လွန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဂျုံလက်ကျန်အခြေအနေမှာလည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် တန်ချိန် ၂၉.၁၄ သန်းရှိနေပြီး၊ ယခင်နှစ် ကာလတူရှိ တန်ချိန် ၂၀.၆ သန်းနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

နယူးဒေလီအခြေစိုက် နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ ကုန်သည်တစ်ဦး ၏ပြောကြားချက်အရ ပြင်ပလွတ်လပ်သော ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ သည် အစိုးရက သတ်မှတ်ထားသည့် အခြေခံအနိမ့်ဆုံးရည်ညွှန်းဈေး(Minimum Support Price)အောက်တွင်သာရှိနေသောကြောင့် အစိုးရပိုင်အေဂျင်စီများသည် လယ်သမားများထံမှဆန်စပါးများကို ပမာဏအမြောက်အမြားဝယ်ယူရန် ဖိအားပေးခြင်းခံနေရကြောင်း၊ အစိုးရက အမြောက်အမြားဝယ်ယူနေသော်လည်း ကုန်သည်များထံ၌ ပြည်ပတင်ပို့ရန်အတွက် ဆန်လက်ကျန်အလုံအလောက်ရှိနေကြောင်း သိရှိရသည်။

ယခုနှစ် အရောင်းအဝယ်ရာသီ စတင်သည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အစိုးရသည် လယ်သမားများထံမှ စပါးတန်ချိန်ပေါင်း ၄၂.၂ သန်းအထိ ဝယ်ယူစုဆောင်းပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်  ပြည်ပဝယ်လိုအား မများသေးသော်လည်း ရူပီးငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ကုန်သည်များအနေနှင့် တခြားနိုင်ငံများထက်ပိုမိုသက်သာသည့်ဈေးနှုန်းများနှင့် အရောင်းအဝယ်ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေကြောင်း မွန်ဘိုင်းအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားထားသည်။

အိန္ဒိယရူပီးငွေသည် ယခုလအတွင်း စံချိန်တင်အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ခြင်းကြောင့် ကုန်သည်များအတွက် ပြည်ပတင်ပို့မှုများမှရရှိလာသော အကျိုး အမြတ်ကို ပိုမိုတိုးတက်စေခဲ့ကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို တင်ပို့နေသည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်မတ်လအတွင်းက ဆန်တင်ပို့မှုအပေါ် ချမှတ်ထားသော ကန့်သတ် ချက်များကို နောက်ဆုံးဖယ်ရှားပေးခဲ့ပြီးဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ပထမ ၁၀ လအတွင်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၃၇ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး တန်ချိန် ၁၈.၄၉ သန်းရှိခဲ့သည်။

အိန္ဒိယဆန်တင်ပို့သူများအသင်း(The Rice Exporters Association)၏ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းနီးပါးတိုးတက်လာနိုင်ပြီး စံချိန်တင်ပမာဏဖြစ်သော တန်ချိန် ၂၂.၅ သန်းအထိရှိလာနိုင်ကြောင်း သိရသည်။

ဆန်လက်ကျန်အပြင် ဂျုံလက်ကျန်ပမာဏမှာလည်း ယခုနှစ်တွင် စိတ်ချရသည့်အခြေအနေတွင် ရှိနေသောကြောင့် အစိုးရအနေနှင့် စားသောက်ကုန်ကောက်ပဲ သီးနှံဈေးနှုန်းများကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ရန် အထောက်အကူဖြစ်စေကြောင်း ကုန်သည်တစ်ဦးက ပြောကြားထားသည်။

Source: India’s rice stocks surge to record high as paddy procurement climbs, The Economic Times, December 22, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News