ရှမ်းပြည်နယ်တောင်ပိုင်းအနေဖြင့် ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများကို အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ အများဆုံးတင်ပို့လျက်ရှိရာတွင် ပြီးခဲ့တဲ့မတ်လအတွင်းမှာဆိုရင်တော့ ဟင်းသီးဟင်းရွက်များ အနေဖြင့် ဂေါ်ဖီ၊ ပန်းမုံလာ၊ ရွှေပဲ၊ မုန်ညှင်း၊ ဖရုံသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ မုန်လာဥနီ၊ ဘိုစားပဲ စသည့်သီးနှံ ကုန်ချိန်ပိဿာ(၂၇)သိန်းကျော်၊ စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်ဖြူ ကုန်ချိန်ပိဿာ(၂၄)သိန်းကျော်၊ အာလူး ကုန်ချိန်ပိဿာ(၃၈)သိန်းကျော်၊ ဂျင်းနှင့် နနွင်းအနေဖြင့် ကုန်ချိန်ပိဿာ(၆)သိန်းခန့်ကို အောင်ပန်းပွဲ ရုံများမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ ပဲခူး၊ ပြည်၊ မုံရွာ၊ ချောက်၊ မော်လမြိုင် စသည့်မြို့ကြီးများသို့ တင်ပို့နိုင်ခဲ့ပါသည်။
ဈေးကွက်ဈေးနှုန်းအခြေအနေမှာ အဓိကသီးနှံများဖြစ်သည့် ပြည်ပပို့ကုန်သီးနှံအနေဖြင့် ရှမ်းတောင်တွင် ပြောင်း လက်ကျန်နည်းပါးခြင်း၊ ဈေးကွက်အတွင်းကုန်စည်အသစ်များ ဝင်ရောက်လာမှုနည်းပါးခြင်းနှင့် ရန်ကုန်ဈေးကွက်မှ အဆွဲများသဖြင့် ပြောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် ယခင်(၁၅၀၀)ကျပ်မှ ယခုအခါ(၁၅၅၀)ကျပ်ခန့် မြင့်တက်ခဲ့ပါသည်။
ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် မတ်လအစပိုင်းတွင် ဈေးကွက်အတွင်းအဝင်လှိုင်ပြီးအဆွဲကောင်းသဖြင့် တစ်ပိဿာလျှင် (၅၀၀၀ မှ ၈၃၀၀)ကျပ်အထိဈေးရရှိခဲ့ပြီး၊ အာလူးသီးနှံအနေဖြင့်လည်း အဆွဲကောင်းသဖြင့် စီးဆင်းမှုကောင်းခဲ့ပြီး ဈေးနှုန်းအနေဖြင့်လည်း တစ်ပိဿာလျှင် (၂၀၀၀ မှ ၆၀၀၀)ကျပ်ဖြင့် အမျိုးအစားအလိုက် ဈေးရရှိခဲ့ပါသည်။
ကုန်စိမ်းဟင်းသီးဟင်းရွက်များအနေဖြင့် ဂေါ်ဖီ၊ ငရုတ်ပွ၊ ဘိုစားပဲ၊ ရွှေပဲသီး၊ ခရမ်းချဉ်သီးနှင့် မုံညှင်း စသည်တို့မှာ မိုးရွာသွင်းမှုများပြားခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် စီးဆင်းမှုအနည်းငယ်လျော့နည်းခဲ့ပြီး အရောင်းအဝယ်အေး၍ ဈေးနှုန်းများကျဆင်းသွားကြောင်း အောင်ပန်းကုန်စည်ဒိုင်များမှ သိရှိရပါသည်။
Myantrade Shan