Local News

မတ်ပဲဈေးကွက်အလားအလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများမှာ မေလ ဒုတိယပတ်တွင် ၁ တင်းဈေးနှုန်း ကျပ် ၁ သိန်းအထက်ရှိခဲ့ပြီး ယခု ဇွန်လပထမပတ်တွင် ကျပ် ၁ သိန်း ၁ သောင်း နီးပါးထိ ရောက်ရှိ ကာ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်လျှက်ရှိကြောင်းတွေ့ရသည်။

၁ ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မေလ ၃၁ ရက်နေ့တွင် ၁ တင်းဈေးနှုန်း ကျပ် ၁၀၉၅၀၀ ၊ ဇွန်လ ၁ ရက်နေ့တွင် ကျပ် ၁၀၉၀၀၀၊ ၃ ရက်နေ့တွင် ကျပ် ၁၀၇၀၀၀၊ ၄ ရက်နေ့ တွင် ကျပ် ၁၀၈၈၀၀၊ ၅ ရက်နေ့တွင် ကျပ် ၁၀၉၃၀၀၊ ၆ ရက်နေ့တွင် ကျပ် ၁၀၉၃၀၀ အသီးသီး ဖြစ်ခဲ့ပါသည်။

လက်ရှိကာလတွင် ရွှေဈေးနှုန်းနှင့် ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများ​က မတ်ပဲနှင့် ပဲမျိုးစုံ ရောင်းဝယ်ရေးနှင့် တင်ပို့မှုအပေါ်သက်ရောက်မှုရှိနေကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးကုန်သည်များ ထံမှသိရှိရပြီး ၊ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ရွေးကောက်ပွဲကာလအပြီး ပဲခွဲစက်များ၏ မတ်ပဲဝယ်လိုအားနည်းပါးလျှက်ရှိကာ ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်းသိရှိရသည်။

 

အိန္ဒိယနိုင်ငံ၏ ယခုနှစ်မတ်ပဲစိုက်ပျိုးထွက်ရှိမှုသည် ယခင်နှစ်ကထက် တန်ချိန် ၀.၂၇ သန်း လျော့ကျခဲ့ကြောင်း အိန္ဒိယအစိုးရကထုတ်ပြန်ထားပြီး ၊ ပဲခွဲစက်များကဝယ်လိုအားကောင်းနေခဲ့ခြင်း၊ မြန်မာမတ်ပဲဆိပ်ကမ်းအရောက်ဈေးနှုန်းတက်လာခြင်း၊ တမီးနာဒူးပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ်များရှိ တောင်သူများက မတ်ပဲလက်ဝယ်ထားရှိပြီးဈေးအတက်စောင့်ဆိုင်းခြင်းတို့ကြောင့် မေလ ၂၅ မှစတင်ပြီး မတ်ပဲဈေးတက်လာခြင်းဖြစ်ကြောင်း IPGA ကဖော်ပြထားသည်။

IPGA  ၏ ခန့်မှန်းချက်အရ နောက် ၄ လတာ  ကာလအတွင်း အိန္ဒိယနိုင်ငံသည် မြန်မာမတ်ပဲ တင်ပို့မှုအပေါ်အားထားရမည်ဖြစ်ပြီး အခြားရွေးချယ်စရာမရှိသည့်အပြင် ပဲခွဲစက်များကလည်း ဈေးနှုန်းအတက်အကျဂရုမစိုက်နိုင်ပဲ မြန်မာမတ်ပဲကိုဝယ်ယူကြိတ်ခွဲကြရမည်ဖြစ်ကြောင်း၊ မြန်မာ မတ်ပဲတင်ပို့မှုနှင့် ဈေးနှုန်းတို့သည် အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးကွက် အပေါ်လွှမ်းမိုးနိုင်ကြောင်း သုံးသပ်ထားပါသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News