ဈေးကွက်ဈေးနှုန်း

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

        ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းအများစုမှာ တစ်သျှူးငှက်ပျော၊ စေ့ထုတ်ပြောင်း၊ ဧည့်မထဆန်၊ ပဲပုတ်၊ ကြံ၊ ဖရဲသီး၊ ငရုတ်သီး၊ လောင်စာတောင့်မီးသွေးနှင့် ဆန်ကွဲ စသည့်ပစ္စည်းများဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၆၇၃၇၃၄ ဒဿမ ၉ ကန်ဒေါ်လာဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏမှာ ၅၁၆၅၉၁၀ ဒဿမ ၇၇ ကန်ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၇၈၃၉၆၄၅ ဒဿမ ၆၇ ကန်ဒေါ်လာ တင်ပို့မှု ရှိခဲ့ပါသည်။

        သွင်းကုန်ပစ္စည်းများအနေဖြင့် အများစုမှာ ဓါတ်မြေဩဇာ၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်ဘက်ထရီ မော်တော်ဆိုင်ကယ်၊ သံပိုက်၊ လေးဘီးလယ်ထွန်စက်၊ သွပ်ပြား၊ ဆောက်လုပ်ရေးသုံး သံပစ္စည်းများနှင့် ချွေးသုတ်ပဝါ တို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၂၈၅၀၁ ဒဿ ၈၆ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၆၆၂၄၉ ဒဿမ ၆ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၃၉၄၇၄၂ ဒဿမ ၄၆ တင်သွင်းခဲ့ပါသည်။

        ဇန်နဝါရီလ ၂၄ ရက်နေ့အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၀ ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် ၁၀၇ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၆၀ ယွမ် ဖြစ်ပြီး၊ မြန်မာ ကျပ်ငွေနှင့် တရုတ်ယွမ် ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀ ဒဿမ ၄၇၅ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၁၀ ကျပ် ရှိကြောင်းနှင့် ၁၆ ပဲ အခေါက်ရွှေ(၁)ကျပ်သားဈေးနှုန်းမှာ တရုတ်ငွေ ၅၈၂၃ ယွမ်ဖြစ်၍ မြန်မာငွေအနေဖြင့် ကျပ် ၁၂၂၃၀၀၀ ရှိကြောင်းသိရှိရပါသည်။