Local News

မုဒုံမြို့နယ်၌ ဒူးရင်းသီးများ စတင်ထွက်ရှိပြီး ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေ

Last Updated:

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ဒူးရင်းသီးများစတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သော်ကြောင့် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မုဒုံမြို့နယ်တွင် ဒူးရင်းပင်အမျိုးအစားပေါင်း ၂၀ ခန့်စိုက်ပျိုးကြရာ မွန်ထောင်း၊ ချန်နီ၊ မလေးမျိုး(မူဆန်ကင်း)၊ ထိုင်းမျိုးတို့ကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့်အဓိကထား ပိုမိုစိုက်ပျိုးကြသည်။

ဒူးရင်းပင် ကိုင်းဆက်မျိုးများကို စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် အသီးများစတင်ထွက်ရှိကြောင်း၊ ဒူးရင်းပင် တစ်ဧကလျှင် အပင်တန်းကြား ပေ ၃၀ ပတ်လည်စိုက်ပျိုးမည်ဆိုပါက ၄၈ ပင်၊ ၂၅ ပေ ပတ်လည်စိုက်ပျိုးမည်ဆိုပါက အပင် ၇၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များ ပိုးမကျစေရန်နှင့် သဘာဝဓာတ်မြေဩဇာများ ထည့်သွင်းခြင်းလုပ်ငန်းများကို နည်းစနစ်တကျစိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဒူးရင်းမျိုးကောင်း တစ်ဧကစိုက်ပျိုးရုံဖြင့် တစ်နှစ်လျှင် ဝင်ငွေကျပ်သိန်း ၁၀၀ ကျော် ရရှိနိုင်ကြောင်း၊ ယခု ဒူးရင်းသီးများစတင်ထွက်ရှိချိန် ဒူးရင်းအမျိုးအစားပေါ်မူတည်၍ တစ်ကီလိုလျှင် ငွေကျပ် ၁၅၀၀၀ အထက်ရရှိကြောင်း ဘဲရမ်းကျေးရွာမှ ဒူးရင်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။ မုဒုံမြို့နယ်ဒေသထွက် ဒူးရင်းမျိုးကောင်းမျိုးသန့်များကို ပြည်တွင်းပြည်ပတင်ပို့နိုင်ရန် ဒူးရင်းမျိုးများ သုတေသနပြုစိုက်ပျိုးထားရှိခြင်း၊ သစ်သီးဝလံသုသေသန စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News