Local News

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ရော်ဘာရာသီဖွင့်ချိန်တွင် ရော်ဘာတစ်ပေါင် ကျပ် ၃၃၃၀ ဖြင့် စတင် ဈေးကောင်းပေး ဝယ်ယူလျက်ရှိ

Last Updated:

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ၌ ရော်ဘာရာသီစတင်ချိန်တွင် ရော်ဘာအဝယ်ဒိုင်များက အချိန်စော၍ ရော်ဘာပြားများကို ဈေးကောင်းပေး ဝယ်ယူနေကြောင်း သိရသည်။ “ မိုးကမပြတ်သေးလည်းတော်သလင်းလပြည့်နေ့ မတိုင်မီကတည်းက မိုးမရွာရင် ရော်ဘာစေးခြစ်ယူပြီး ရော်ဘာဒိုင်တွေဖွင့်မှ လာရောင်းတာပါ။ ဈေးကောင်းရပါတယ်။ မှိုင်းမတင်တော့ဘဲ နေလှန်းပြားပဲ လာရောင်းတာပါ။ နေလှန်းပြား တစ်ပေါင်ကို ငွေကျပ် ၃၁၀၀ ရပါတယ်။ ခြံအလုပ်သမားတွေက ရလာတဲ့ရော်ဘာပြားပေါင်အလိုက် ရော်ဘာပြားဖိုး တစ်ဝက်စီယူကြတာပါ” ဟု သထုံမြို့နယ် ဝီယော်ကျေးရွာမှ တစ်နိုင်တစ်ပိုင် ရော်ဘာခြံပိုင်ရှင် ဦးသာထိုက ပြောသည်။ မိသားစုစားဝတ်နေရေးအရ ရော်ဘာပြား ရသလောက်ကို လာရောင်းပါတယ်။ “ခြံရှင်နဲ့ ထက်ဝက်စားဆိုပေမယ့် ကျွန်တော်တို့က အဆုပ်တုံး၊ ဓားစာ(ဆွဲဖတ်) တွေပါ အပိုလုပ်အားခအနေနဲ့ ရတော့ အဆင်ပြေပါတယ်” ဟု ရပ်ဝေးမှ မိသားစုနှင့်အတူလာရောက်၍ ရော်ဘာစေးခြစ်သူ ကိုသိန်းတန်က ပြောသည်။ “ဒီရာသီမှာ အစောဆုံး အဝယ်ဖွင့်တာပါ။ ရာသီဥတုအခြေအနေအရ ဝယ်ယူရရှိမှုနည်းလည်းတစ်နေ့ကို ပေါင် ၂၅၀၀ ကျော် ဝယ်နေရပါတယ်။ နေလှန်းပြားပဲ အဝယ်များပြီး မှိုင်းတင်ပြန်ရောင်းပါတယ်” ဟု သုဝဏ္ဏဝတီမြို့ ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးဆိုင်မှ ဦးဝေယံက ဆိုသည်။

ယခုနှစ်ရော်ဘာစတင် ဝယ်ယူချိန်စောပြီး တစ်နိုင်တစ်ပိုင်ရော်ဘာစိုက်တောင်သူများသည် အလုပ်သမားရရှိမှု၊ လုပ်အားလစာအပေါ်မှာ မူတည်ပြီး ရော်ဘာစေးခြစ်ယူရရှိနေကြသော်လည်း တစ်ချို့မှာ ရာသီဥတုအခြေအနေ၊ အလုပ်သမားငှားရမ်းမှု မရရှိကြသေးသောကြောင့် လုပ်ငန်းခွင်ကို မစတင်နိုင်သေးကြောင်းလည်း သိရှိရသည်။

Source: မြန်မာ့အလင်း

 

Category: Local News