Local News

မန္တလေးဈေးကွက်အတွင်း မြင်းမူဘက်မှထွက်ရှိသည့် ဂျုံများအရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း မြင်းမူဘက်မှထွက်ရှိသည့် ဂျုံများအရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ မြင်းမူဘက်မှ အရည်အသွေးကောင်းမွန်သည့်ဂျုံများ မန္တလေးဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း၊ ၎င်းဂျုံများကို မန္တလေးဈေးကွက်အတွင်း ကုန်သည်များကဝယ်ယူမှု ယခင်ကထက်ပိုမိုများပြားလာပြီး အ‌ရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“မြင်းမူဘက်ကနေ အရည်အသွေးကောင်းမွန်တဲ့ဂျုံတွေကို အန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့အပြင် အခြားမြို့တွေကပါ မှာယူမှုပြန်ပြီးများလာတယ်။ မြင်းမူဘက်ကဂျုံတွေကို မှာယူမှုပြန်ပြီးများလာတာကြောင့် အရောင်းအဝယ်ပြန်ကောင်းလာပါတယ်”ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း မြင်းမူဘက်မှထွက်ရှိသည့် ဂျုံများအ‌ရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ဩဂုတ်လ ၃၀ ရက်နေ့ပေါက်ဈေးအရ ပိဿာချိန် ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

မြင်းမူဘက်မှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ဂျုံများကို မြို့နယ်အသီးသီးကမှာယူမှု များပြားလာကြောင်း၊ ထို့ပြင် မုံရွာနှင့် တောင်သာဘက်မှထွက်ရှိသည့် ဂျုံများလည်း မန္တလေးဈေးကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြင်းမူဘက်မှထွက်ရှိသည့်ဂျုံများမှာ အရောင်းအဝယ်အကောင်းဆုံးအနေအထားတွင်ရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News