Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်းက ပဲတီစိမ်း ၂၄ ပြည်ဝင်အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပဲတီစိမ်း ၂၄ ပြည်ဝင်အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပဲတီစိမ်း ၂၄ ပြည်ဝင်အိတ်ရေ ၃၅၅၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ တစ်လအတွင်း ပဲတီစိမ်း ၂၄ ပြည်ဝင်အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“မအူပင်မြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပဲတီစိမ်း ၂၄ ပြည်ဝင်အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ကို ပဲတီစိမ်းတွေ အရင်လတွေကထက် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ပဲမျိုးစုံကို ပိဿာချိန်စနစ်၊ တင်းဝင်စနစ်တွေနဲ့ တင်ပို့ရောင်းချနေပါတယ်။ ဒီဘက်ကတော့ တစ်တင်းဝင်အိတ်တွေနဲ့ပဲ တင်ပို့ရောင်းချတာများပါတယ်” ဟု မအူပင်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြသည်။

မအူပင်မြို့နယ်မှ ပဲတီစိမ်းများကို ၂၄ ပြည်ဝင်အိတ်များဖြင့်ထည့်ပြီး ရန်ကုန်ဈေးကွက်သို့ ကုန်တင်ကား၊ ကုန်တင်သင်္ဘောများဖြင့် တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News