Local News

ဥရောပနိုင်ငံသို့ တန်းမြင့်ဆန် တင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံကြိုးပမ်း

Last Updated:

အရည်အသွေးမြင့် ကမ္ဘောဒီးယားဆန်အား ဝယ်လိုအားမြင့်မားလာမှုအရ ကမ္ဘောဒီးယား ဆန်တင်ပို့သူ ကုမ္ပဏီဖြစ်သည့် Amru Rice သည် ၎င်း၏ ပရီမီယံဆန်နှင့် အော်ဂဲနစ်ဆန်အမျိုး အစားများကို ဥရောပဈေးကွက်သို့ တိုးမြှင့်တင်ပို့သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိသည်။

ဥရောပသမဂ္ဂဈေးကွက်အတွင်း နှစ်အတန်ကြာ ဝင်ရောက်ခဲ့ပြီးနောက် Amru Rice အမှတ်တံဆိပ် ကမ္ဘောဒီးယားဆန်သည် ဥရောမြောက်ပိုင်းရှိ နော်ဒစ်နိုင်ငံများအနက် ဖင်လန်နိုင်ငံရှိ စူပါမားကတ်များတွင် အရောင်းရဆုံးဆန်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊  ဥရောပနိုင်ငံများမှ စားသုံးသူများ အထူးသဖြင့် နော်ဒစ်နိုင်ငံများမှ စားသုံးသူများသည် ကမ္ဘောဒီးယားဆန်၏ ထူးခြားသည့် အရည်အသွေး၊ အထူးသဖြင့် ယင်းဆန်၏ အရသာနှင့် အနံ့ကို နှစ်ခြိုက်မှုရှိကြကြောင်းဖြင့် Amru Rice (Cambodia) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Song Saran က ၂၃-၅-၂၀၂၄ ရက်နေ့၌ Khmer Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

Amru Rice သည် ဥရောပသမဂ္ဂ၏ တင်းကြပ်သော အစားအစာ ဘေးကင်းရေးစံနှုန်းများ ပြည့်မီရန်အတွက် အခြေခံအဆောက်အအုံများအပေါ် ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်ထားကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများတွင် ခေတ်မီဆန်းသစ်သော အဆောက်အအုံများနှင့် ခိုင်မာသော အရည်အသွေးထိန်းချုပ်မှု အစီအမံများပါဝင်ကြောင်း သိရှိရသည်။

အဆိုပါအချက်သည် ဥရောပဈေးကွက်သို့ ဝင်ရောက်ရန် ကမ္ဘောဒီးယားဆန်နှင့် ဆန်စက်များ၏ အရည်အသွေးမြင့်မားမှုကို ပြသခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ ပြောကြားခဲ့သည်။ Amru Rice မှ တင်ပို့သည့် ကမ္ဘောဒီးယားဆန်များသည် ဖင်လန်ဈေးကွက်၌ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြုမှု ရရှိခဲ့ခြင်းမှာ ကောင်းမွန်သောခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်ရန်အတွက် ကမ္ဘောဒီးယား ဆန်လုပ်ငန်းနယ်ပယ်၌ ရာသီဥတုဒဏ်ခံနိုင်မှုမူဘောင်ကို ထူထောင်လုပ်ဆောင်နေကြောင်း CRF ၏ ပြောကြားချက်အရ သိရသည်။

CRF ၏ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် ယမန်နှစ်တွင် ဥရောပသမဂ္ဂသို့ ဆန်တန်ချိန် ၂၄၆၆၈၃ တန် တင်ပို့ခဲ့ပြီးနောက် ကမ္ဘောဒီးယားဆန်များအတွက် ၎င်းဒေသသည် အကြီးဆုံးဈေးကွက် ဖြစ်လာကြောင်း၊ ကမ္ဘောဒီးယား၏ နောက်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများသည် ဆန်တန်ချိန် ၂၁၂၇၅၆ တန်နှင့် ၉၃၃၇၆ တန်ဖြင့် ဥရောပသမဂ္ဂနိုင်ငံများသို့ အသီးသီး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ယုံကြည်စိတ်ချရသော ပရီမီယံအဆင့် ကမ္ဘောဒီးယားဆန်များ ထောက်ပံ့ပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားသည် ဥရောပမိတ်ဖက်များနှင့် နီးကပ်စွာ လက်တွဲလုပ်ဆောင်သွားရန် ကတိကဝတ် ပြုထားကြောင်းနှင့် အဆိုပါကတိကဝတ်သည် ဥရောပဈေးကွက်၌ ရေရှည်တည်တံ့ စေနိုင်လိမ့်မည် ဖြစ်ကြောင်း Saran က ပြောကြားခဲ့ပါသည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Long Beach မြို့ရှိ နေထိုင်သူများထံမှ ကမ္ဘောဒီးယား ဆန်ဝယ်လိုအား မြင့်မားနေသည့်အတွက် Amru Rice ကုမ္ပဏီအနေဖြင့် ပရီမီယံဆန် တင်ပို့မှုအား အမေရိကန်နိုင်ငံအထိ တိုးချဲ့တင်ပို့ရန်လည်း စီစဉ်ထားသည်။

Amru Rice ကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၄၅၀၀၀ တင်ပို့မည်ဖြစ်ရာ အော်ဂဲနစ်ဆန် ၃၀% နှင့် ပရီမီယံဆန် ၇၀% ပါဝင်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဆန်တန်ချိန် ၁၅၀၀၀ ခန့် တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၅၀% ကျော် တိုးမြင့်လာကြောင်း သိရှိရသည်။

Source: Khmer Times, 24 May, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: Local News