Local News

တရုတ်ဝယ်လိုအားကြောင့် ပြည်တွင်းမှ ငရုတ်သီးခြောက်များ ဈေးကောင်းရနေ

Last Updated:

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ငရုတ်စိုနှင့်ငရုတ်ခြောက် နှစ်မျိုးရှိရာ တရုတ်နိုင်ငံဘက်မှ မေလ ဆန်းပိုင်းမှစတင်၍ ဝယ်ယူလာခြင်းကြောင့် ငရုတ်သီးခြောက်များ တင်ပို့လျက်ရှိရာ မိုးထောင် ငရုတ်သီးခြောက်မှာ တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ဝန်းကျင် ရောက်ရှိလာပြီး ဈေးကောင်းရနေသည်။ မြ၀တီနယ်စပ်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ခြင်းမှ တရုတ်နိုင်ငံဘက်က ဈေးကောင်းပေးဝယ်ခြင်းကြောင့် တရုတ်နိုင်င့ဘက်သို့ တင်ပို့မှုများလာသည်ဟု မြန်မာ့ ငရုတ်သီးဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

"ပြည်ပကို ခါတိုင်းပို့တဲ့ ငရုတ်အစိုသီးက မရှိတော့ဘူး။ နေပြင်းလို့ ငရုတ်သီးတွေက အခြောက်ဖြစ်သွားတယ်။ ငရုတ်သီးခြောက်ကိုပဲ တင်ပို့နေတယ်လက်လီမှာ တစ်ပိဿာ ငွေကျပ် ၅၀၀၀-၆၀၀၀ ဈေးမှာတောင် ဝယ်သူနည်းခဲ့ရာက ခုဆိုတရုတ်နိုင်ငံက ဝယ်ဈေးမြင့်လာတော့ ငွေကျပ် ၈၅၀၀ ဖြစ်သွားပြီ။ လက်လီမှာ တစ်ပိသာ ငွေကျပ် ၉၀၀၀ လောက်ရှိတယ်" ဟု ၎င်းက ပြောသည်။

ငရုတ်သီးတွင် ငရုတ်အတိုသီးနှင့် အရှည်သီးဟူ၍ရှိရာ အရှည်သီးမှာ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေရပြီး ငရုတ်အတိုသီး(ငရုတ်အခြောက်သီး) များကို ပြည်ပသို့တင်ပို့ကြောင်း၊ ငရုတ်သိးခြောက်များကို တရုတ်နိုင်ငံဘက်သို့ မိုင်းလားလမ်းပိုင်းမှ တစ်ရက်လျှင် ကုန်တင်ယာဉ် ၆ စီးမှ ၁၀ စီးခန့် တင်ပို့နေသည်။

"ငရုတ်အခြောက်ဆိုရင် တရုတ်နိုင်ငံဘက် အသွားများတယ်။ မိုင်းလားဘက်က လမ်းပိုင်းသိပ်ကောင်းကြီး မဟုတ်ပေမယ့် အဆင်ပြေတဲ့ အခြေအနေရှိပါတယ်။ ငရုတ်တောင်သူတွေမှာ လက်ရှိကြုံနေရတာက လုပ်သားရှားပါးမှုနဲ့ ကြုံနေရပြီး ပူပြင်းမှုဒဏ်ကြောင့် ငရုတ်အစိုက မရှိသလောက်ဖြစ်နေတယ်" ဟု ဆက်လက်ပြောကြားသည်။ ငရုတ်ခူးဆွတ်ရာတွင် ရာသီဥတုပူပြင်းမှုကြောင့် အစိုမရ ရှိနိုင်တော့ဘဲ ငရုတ်ပင်များကို ခုတ်လှဲ၍ အမိုးအကာအောက်တွင် ရွှေ့ပြောင်းခူးဆွတ်ရသည့် ပုံစံပြောင်းလဲလုပ်ဆောင်နေရပြီး လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်ရာလာမည့် နှစ်တွင် ငရုတ်စိုက်တောင်သူ အရေအတွက် နည်းပါးလာနိုင်ရာမှ အထွက်နှုန်းနည်းပါးနိုင်သည်။

ပြည်ပသို့ ငရုတ်သီးခြောက်များတင်ပို့သည့် အမျိုးအစားများ မှာ ၇၇၇ ငရုတ်သီး၊ ၉၉၉ ငရုတ်သီး၊ ဆန်းရှိုင်းငရုတ်သီး၊ စသည့် အမျိုးအစားများဖြစ် ကြောင်းသိရပြီး လက်ရှိတွင်တစ် ပိဿာလျှင် ငွေကျပ် ၆၅၀၀ ဝန်းကျင်မှ မိုးထောင်ငရုတ်မှာ ၉၀၀၀ ဝန်းကျင်ထိ ဈေးကောင်းရရှိနေသည်ဟုဆိုသည်။

Source: မကွေးဂျာနယ်

Category: Local News