International News

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဆီအုန်းဈေးနှုန်း ကျဆင်းရသည့် အကြောင်းအရင်းကို အစိုးရက စုံစမ်းမည်

Last Updated:

ထိုင်းနိုင်ငံ၌ ဆီအုန်းဈေးကျဆင်းရသည့် အကြောင်းအရင်းကို ရှာဖွေရန်နှင့် ကြိုတင်ကာကွယ်မှု အစီအမံများကို ရှာဖွေ‌ဖော်ဆောင်ရန်အတွက် ဆီအုန်းစိုက်ခင်းများရှိသည့်ဒေသများသို့ သွားရောက်လေ့လာစုံစမ်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းကုန်သွယ်ရေးဌာနသို့ ညွှန်ကြားထားရှိကြောင်း Bangkok Post သတင်းဌာနက ၂၅-၅-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

ဆီအုန်း ဝယ်ယူမှုဈေးနှုန်းများ လျှော့ချမှုရှိကြောင်း ဆီအုန်းစိုက်တောင်သူများမှ တိုင်ကြားမှုများပြုလုပ်ခဲ့ပြီးနောက် ဆီအုန်းဈေးနှုန်း ကျဆင်းရခြင်းအကြောင်းရင်းများကို အကဲဖြတ် သုံးသပ်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phanngga ၊ Krabi နှင့် Surat Thani ပြည်နယ်များသို့ သွားရောက်ကြည့်ရှုရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Phumtham Wechayachai က ပြည်တွင်းကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Suriam အား ပြောကြားထားကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ မေလအထိ ရောင်းလိုအားမြင့်မားနေခြင်းကြောင့် ပြည်တွင်း၌ ထွက်ရှိသည့် လတ်ဆတ်သော ဆီအုန်းသီးဈေးနှုန်းမှာ ယခင်သီတင်းပတ်တွင် တစ်ကီလိုဂရမ်လျှင် ၄.၉၈ ဘတ်မှ ၄.၆၀ ဘတ်နှုန်းသို့ ကျဆင်းသွားကြောင်း၊ ထို့အပြင် အလွန်ပူပြင်းသော ရာသီဥတုကြောင့် ဆီအုန်းအစေ့အဆန်များမှာ သဘာဝအတိုင်း ရင့်မှည့်ခြင်းမရှိပဲ အရည်အသွေးကျဆင်းပြီး ဆီပါဝင်မှု ရာခိုင်နှုန်းလျော့နည်းသဖြင့် ဈေးနှုန်းနိမ့်ကျမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဈေးကောင်းရရှိစေရေးအတွက် ရိတ်သိမ်းချိန်ကို နောက်သို့ရွှေ့ဆိုင်းလျက် ကောင်းစွာရင့်မှည့်မှုရှိသော ဆီအုန်းခိုင်များကိုသာ ဖြတ်တောက်ခူးဆွတ်ရန် တောင်သူများသို့ အသိပေး ပြောကြားထားပြီးသည့်နောက် ဒေသထွက်လတ်ဆတ်သော ဆီအုန်းအဆန်ဈေးနှုန်းများမှာ ပြန်လည်မြင့်တက် ကောင်းမွန်လာမည်ဟု မျှော်လင့်ရကြောင်း ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak က ပြောဆိုပါသည်။

ထိုင်းပြည်တွင်းကုန်သွယ်ရေးဌာနသည် ဆီအုန်းသီးဝယ်ယူသူများနှင့် စားအုန်းဆီထုတ်လုပ်သည့် စက်ရုံများအား ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူရန်နှင့် ဆီအုန်းသီးများ သဘာဝအလျောက် ရင့်မှည့်ကြွေကျမှုမဟုတ်ပဲ အချိန်မတိုင်မီ ဆွတ်ခူးယူခြင်းမှ ရှောင်ကြဉ်ရန် ညွှန်ကြားထားကြောင်း၊  အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ပါက ၁၉၉၉ ခုနှစ် ကုန်စည်နှင့် ဝန်ဆောင်မှုများ အက်ဥပဒေအရ ထောင်ဒဏ်ငါးနှစ်၊ ဒဏ်ငွေ ဘတ် ၁၀၀၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း သတင်းရရှိပါသည်။

Source: Bangkok Post, 25 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News