ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် မိမိ မိသားစုထံ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရ ဘဏ်များစာရင်း၊ နိုင်ငံတကာမှ ငွေလွှဲနိုင်သည့် အဖွဲ့အစည်းများကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီ ဖြစ်ပါသည်။
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များ တွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင်ပါသည်။ ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသော နှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် အောက်ပါအတိုင်း ခွင့်ပြုပေးနေပါသည်-
- ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) - တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊
- ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ - တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း။
အထက်ဖော်ပြပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်း ကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ပါသည်။ (အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
လွှဲပို့ငွေများ ဆုံးရှုံးမှု မရှိစေရန်မှာ အရေးကြီးသဖြင့် ဘဏ်များမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ပြီ ဖြစ်ပါသည်။