ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း နှစ်လခွဲစပါး တင်းရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုမာ က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလ တစ်လအတွင်းက နှစ်လခွဲစပါး အမျိုးအစား တင်းရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်ထိ တစ်လအတွင်း နှစ်လခွဲစပါးအမျိုးအစားတင်းရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဖေဖော်ဝါရီလအတွင်း နှစ်လခွဲစပါးတင်းရေ ၆၇၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်၊ ညောင်တုန်းမြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အများဆုံး တင်ပို့ရောင်းချနေပါတယ်၊ နှစ်လခွဲစပါး အမျိုးအစားက အချောအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားများနေလို့ တင်ပို့အား ကောင်းခဲ့တာဖြစ်ပါတယ်။ တခြားစပါး တွေနဲ့ ယှဉ်ရင် ပြီးခဲ့တဲ့ တစ်လအတွင်းမှာကော၊ လတ်တလောအနေနဲ့ပါ နှစ်လခွဲစပါးအမျိုးအစားက အရောင်းအဝယ်ပိုကောင်းနေပါတယ်” ဟု သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် တစ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါး အမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ