Local News

ယခုနှစ် ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီးများ တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရာတွင် အရောင်းအဝယ်ကောင်းနေ

Last Updated:

ယခုနှစ်ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီးများ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အရောင်းအဝယ်ကောင်းနေကြောင်း မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး) အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြ၍ သိရသည်။

လက်ရှိအချိန်တွင် မြေပြန့်ပိုင်း၌ စိန်တလုံးသရက်နှင့် ရွှေဟင်္သာသရက်သီးများ ရာသီကုန်ချိန်ရောက်ရှိနေပြီးဖြစ်၍ တရုတ်နိုင်ငံဈေးကွက်သို့ ပတ္တမြားငမောက်သရက်သီးများကိုသာ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း၊ တင်ပို့ရောင်းချနေရာတွင်လည်း အ‌ရောင်းအဝယ်ကောင်းလျက်ရှိပြီး ဈေးနှုန်းများမှာ ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင် အမျိုးအစားအလိုက် ယွမ် ၁၀၀ မှ ၁၂၀ ထိ ရရှိကြကြောင်း သိရသည်။

“တရုတ်နိုင်ငံဈေးကွက်ကို ပတ္တမြားငမောက်သရက်သီးတွေ တင်ပို့ရောင်းချနေကြပါတယ်။ ဈေးကောင်းရရှိနေပါတယ်။ ဒီလကစပြီး ပတ္တမြားငမောက်သရက်သီးက ဈေးကွက်ထဲကို ဝင်ရောက်နေပါပြီ။ ကျန်တဲ့သရက်သီးတွေက ပြတ်သလောက်ဖြစ်သွားပြီ။ တရုတ်နိုင်ငံဈေးကွက်ကို လက်ရှိတင်ပို့ရောင်းချနေရာမှာတော့ တစ်နေ့ကို ၁၂ ဘီးကား နှစ်စီး၊ သုံးစီးပဲရှိသေးတယ်။ ဒီနှစ်က သရက်သီးက အဝယ်သွက်ပါတယ်။ အရည်အသွေးကောင်းရင်တော့ ဈေးကောင်းရကြပါတယ်။ ခူးဆွတ်ပြီးတာကအစ ထုပ်ပို့မှုစနစ်ကောင်းကောင်းထုပ်နိုင်ရင် ဈေးကောင်းရပါတယ်” ဟု အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြသည်။

တရုတ်နိုင်ငံဈေးကွက်က ယခုနှစ်တွင် သရက်သီးအဝယ်ရှိနေသည့်အတွက် တင်ပို့ရောင်းချနေကြကြောင်း၊ ယခုနှစ် သရက်ရာသီတွင် အသီးအထွက်နှုန်းနည်းသော်လည်း ဈေးကွက်သို့ ရောင်းချရာတွင် အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News